မုံရွာမြို့ ထနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရပြီး သက်ကြီးရွယ်အို ၃ ဦး မီးထဲပိတ်မီသေဆုံး

မတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထနောင်းတောတောင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမီးလောင်ပျက်စီးခဲ့တဲ့အပြင် ရွာထဲကသက်ကြီးရွယ်အို ၃ ဦး မီးထဲပိတ်မိပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အင်အား ၃၀ ရှိတဲ့ စစ်ကောင်စီတပ်ဟာ မုံရွာမန္တလေးအမြန်လမ်း မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ မနက်  ၆ နာရီဝန်းကျင်အချိန်မှာ ရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၆၀ နီးပါး ပျက်စီးခဲ့ပြီး ဒေသခံ ၈၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

“အခုတော့ရွာထဲမှာ မနေရဲကြဘူး။ လွတ်ရာပဲ ပြေးနေရတယ် တချိုကတော့ အမျိုးတွေမှာ တချိုကတော့ တောထဲမှာပေါ့  တချိုကတော့ လမ်းပေါ်မှာပဲ  ကား ဆိုင်ကယ်နဲ့  အိမ်တွင်း ပစ္စည်းတွေကတော့ အကုန်ပျက်စီးကုန်တယ်” လို့ မုံရွာ အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အခုလို မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်းက အသက် ၇၀ အရွယ် အဘိုးအဘွား ၃ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တုန်းကလဲ ထနောင်တော‌မြောက်ရွာက ပြည်သူနေအိမ် ၄ လုံး  ထနောင်းတောတောင်ရွာက နေအိမ် ၃ လုံးကို စစ်ကောင်းစီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – မုံရွာ အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး