
စက်တင်ဘာလ ၂၉ ရက်နေ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ဘက်မှာ စတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲလောက်က ကော့ကရိတ်မြို့မြောက်ဘက်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရပြီးနောက်ပိုင်း စစ်ကောင်သီတပ်ရဲ့ လှိုင်ဝအမြောက်တပ်ကနေ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ညက ၁၀ နာရီကျော်လောက် ၁၁ နာရီလောက်မှာ သေနပ်သံတွေကြားရတယ်၊ လက်နက်ကြီးသံ မပါသေးဘူး၊ နောက် ၅ မိနစ်လောက်မှ လက်နက်ကြီးနဲ့ပစ်တာ၊ ဆက်တိုက်ဘဲ၊ မြို့ပြင်ဘက်ပေါ့၊ ကော့ကရိတ်မြောက်ဘက်ကိုပစ်တာ၊ လူထိတာတွေတော့ မရှိဘူး၊ မြို့ထဲဘက်မှာလည်း ဘာမှမဖြစ်ဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့နားရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ထဲမှာ စစ်အင်အားတိုးချဲ့တာတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်က KNU တပ်ကအထိုင်ချခဲ့တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တွေနဲ့ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်ပြုလုပ် နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဒါအပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အခြေအနေရှိနေတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက အဆင်သင့်အနေအထားနဲ့ ရှိနေကြတယ်လို့ KNLA သတင်းအရင်း မြစ်တစ်ဦးက ဆိုပါတယ်။
“လက်ရှိ စစ်ဆင်ရေးအခြေအနေကတော့ ဒီကောင်တွေလည်း ရှေ့တိုးဖို့အတွက်ပြင်နေတယ်၊ ကျွန်တော်တို့ တပ်တွေလည်း ပွဲအတွက်ပြင်ဆင်နေရတယ်၊ အခု ဒီကောင်တွေ လှမ်းပစ်တာကလည်း စကစနဲ့ KNU နဲ့ငြိမ်းချမ်းရေး သဘောတူထားတဲ့အခြေအနေတုန်းက KNU စခန်းထိုက်ခဲ့တဲ့နေရာတွကို လှမ်းပစ်တာ” လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့ထဲမှာလည်း စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ယူထားတဲ့အပြင် ကော့ကရိတ်မြို့ ထဲမှာလည်း စစ်ကားအကြီးတစ်စီးအပါအဝင် အိမ်စီးကားသုံးစီးနဲ့ ကင်းလှည့်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“ကင်းက ညတိုင်းပတ်တယ်၊ စစ်ကားနဲ့ဘဲ၊ ပုံမှန်တော့မရှိပါဘူး ကားအရေအတွက်က၊ စစ်ကားအကြီးနဲ့ အိမ်စီးကားက ၃ စီးလောက်ပါတယ်၊ ဟိုတလောတုန်းကတော့ ညဘက်ထွက်တဲ့လူကိုပစ်တယ်၊ အခုကတော့ မပစ်တော့ဘူးငြိမ်နေတယ်” လို့ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇၊ လှိုင်ဝအမြောက်တပ်၊ ခလရ ၅၄၅၊ ၅၄၆ ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ် ၁၅ လုံးကျော် ပျက်စီးခဲ့တဲ့အပြင် ကလေးငယ်အပါအဝင် ဒေသခံ ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)