[videopress blT2upDd]
ဇန်နဝါရီလ ၅ရက်နေ့၊ ၂၀၂၄ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ဒရုန်းတပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်ဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၂ရက်နေ့၊ မနက် ၈နာရီလောက်မှာ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းကို ၈၁ မမ ဗုံးသီး ၅လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KDF ဒရုန်းတပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်က ဆိုပါတယ်။
“ ဗုံးသီးက ၂လုံး၊ ၂လုံး ၂ခါကြဲတယ်။ ပြီးတော့ ၁လုံး ၁ကြိမ်ကြဲတယ်။ နောက်ဆုံးဗုံးသီး ကွဲပြီးတဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ စပြီးတော့ ရမ်းသမ်းပြီးပစ်တယ်” လို့သူက အခုလိုပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ခမရ ၄၀၉ တပ်ရင်းထဲကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေနဲ့ ဇန်နဝါရီလ ၃ရက်နေ့အထိ ရမ်းသမ်းပစ်ခတ်ခဲ့ သေးတယ်လို့ သိရပါတယ်။
ဒရုန်းတပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်က “ ကျနော်တို့ လက်နက်ကြီးပစ်သံကြားရတာက ၄ချက်ပဲ။ပြီးတော့ ဒရုန်းက နိမ့်ဆင်းသွားတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာတော့ ရှိတယ်” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေက ကလိန်အောင်မြို့ထဲရှိနေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာနဲ့ တပ်ရင်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ KDF ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေဘက်က အရာရှိရိပ်သာတွေနဲ့ အဆောင်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးတာရှိတယ်လို့ သိရပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) ရဲ့ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 ရဲ့ မြေပြင်ခြေမှုန်ရေး ကွန်မန်ဒိုတပ်ဖွဲ့နဲ့ ရေဖြူတပ်ပေါင်းစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့ကလည်း ကံပေါက်အခြေစိုက် မောရဝတီရေတပ်ဌာနချုပ်ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၅လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဌာနချုပ်မှူးနေအိမ်နဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ တော်လှန်းတပ်ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- KBDF
People’s Radio Myanmar (Hpar Si Than)