မင်းဂုတ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာလ ၉ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ မင်းဂုတ်ရွာမှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၈ရက်နေ့၊ မနက် ၆နာရီဝန်းကျင်လောက်မှာ ကျွန်းစုမြို့နယ်ရှိ မင်းဂုတ်ရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၅၀လောက်နဲ့ တပ်စွဲထားတဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နေ့လည် ၁၁နာရီခွဲလောက်ထိ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာတော့ အင်အား၅၀လောက်တော့ရှိမယ်။ မင်းဂုတ်ရွာက ပျူရွာလိုမျိုးဖြစ်နေတယ်။ ပျူစောထီးအင်အား များတယ်။နှစ်ဖက်ပစ်ခတ်ချိန်က တော်တော်ကြာသွားတယ်။ နေ့လည်လောက်မှနားတယ်” လို့သူကအခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မြိတ်မြို့ဘက်ကနေ အင်အား၁၀၀ပါရှိတဲ့ စစ်ကားကြီး ၄စီးနဲ့ ကျွန်းစုမြို့နယ်ဘက်ကို စစ်ကူရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“ မင်းသန်း၊ မင်းလှော်ဘက်ကနေ ကား၄စီးနဲ့ စစ်ကူထပ်လာတယ်။ မင်းသန်းကိုရောက်တော့ မင်းလှော်ကို လှေနဲ့ကူးတယ်။အခုတော့ မင်းဂုတ်မှာရှိနေတယ်” လို့သူကပြောပြပါတယ်။

အဲ့ဒီပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ နယ်မြေ အခြေအနေအရ အတည်ပြုလို့မရနိုင်သေးဘူးလို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို တိုက်ပွဲဖြစ်ပွားပြီးတဲ့ အချိန်မှာလည်း စစ်ကောင်စီရဲ့ တပ်ရင်းတွေနဲ့ လက်နက်ကြီးအထိုင်ချထားတဲ့ နေရာတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ကျွန်းစုမြို့နယ်ရှိ ဒေသခံတစ်ဦး ပြောပြပါတယ်။

“ တိုက်ပွဲက ထပ်ဖြစ်ဖို့ အနေအထားမှာရှိနေတယ်။ မနေ့က လက်နက်ကြီးက ဖြစ်နေတဲ့အချိန်ရော ဖြစ်ပြီးတဲ့အချိန်ပါ တအုံးအုံးဘဲ့ ကြားနေရတယ်” လို့သူကအခုလို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ကျွန်းစုမြို့နယ်ရှိ မင်းဂုတ်၊ မင်းလှော်ရွာက ဒေသခံတွေ ရွာလုံးကျွတ် နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

မင်းဂုတ်ရွာ၊ မင်းလှော်ရွာတွေက ပျူစောထီးအင်အားများတဲ့ ရွာတွေဖြစ်တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက မင်းဂုတ်ရွာမှာ ဒေသခံတွေကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူတွေကို ပျူစောထီးလုပ်ခိုင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ်ရှိ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်အမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)