အရှေ့တောနယ်က စစ်ရှောင် ၁၀၀၀ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေ

 အရှေ့တောနယ်က စစ်ရှောင် ၁၀၀၀ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေ


By− နော်အယ်နီး
Date- September 1, 2025

တနင်္သာရီတိုင်း၊ အရှေ့တောနယ်ဒေသကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ၁၀၀၀ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ရက်နေ့ကတည်းက စစ်ကော်မရှင်တပ်တွေဟာ မေတ္တာရဲစခန်းကို လက်နက်နဲ့ ရိက္ခာဖြည့်တင်းဖို့ အရှေ့တောနယ်ဒေသကို ဝင်ရောက်နေတာဖြစ်ပြီး ဩဂုတ်လ ၁၈ရက်၊ ၁၉ရက်နေ့နဲ့ ၂၁ရက်နေ့တွေမှာ တောလှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရှေ့တောင်ဒေသရှိ သင်္ကန်းတုံး၊ ဝကုန်း၊ ဝပင်စတဲ့ ရွာက ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ရေး ကူညီနေသူတစ်ဦးက ဆိုပါတယ်။

“ စစ်ကြောင်းက သင်္ကန်းတုံးရွာထဲမှာဘဲ့ရှိသေးတယ်။ ပြီးတော့ ဝကုန်း၊ ဝပင်ဘက်ကို ထိုးလာနေတယ်လည်း ပြောတယ်။ အင်အားတွေလည်း ထပ်တိုးထားတယ်ဗျ” လို့သူက အခုလိုပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်နေတာ ၁ပတ်ကျော်ကြာလာပြီဖြစ်တာကြောင့် ဝကုန်းရွာက စစ်ရှောင် ၁၀၂၉ယေက်အတွက် စားနပ်ရိက္ခာပြတ်လပ်တာတွေ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီသူက ဆက်ပြောပါတယ်။

“ အဲ့ဘက်ကို ဈေးကားတွေဝင်လို့မရဘူးဗျ။ သင်္ကန်းတုံးတို့၊ လိပ်ကြယ်ပြောင်တို့ထိဘဲ့ ဝင်လို့ရတယ်” လို့သူက ပြောပါတယ်။

စစ်ရှောင်တွေအထဲမှာ အသက်ကြီးရွယ်အိုတွေလည်း ပါတာကြောင့် ကျန်းမာရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ဩဂုတ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရေဖြူမြို့နယ်၊ ပုလောမြို့နယ်နဲ့ အရှေ့တောဒေသတွေမှာ ဒေသခံ တစ်သိန်းနီးပါးလောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ပုံ− အရှေ့တောစစ်ဘေးရှောင်များ

Leave a Reply

Your email address will not be published. Required fields are marked *