
မေလ ၃၀ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က မြို့တွင်းပြန်လည်နေထိုင်သူတွေ ထဲကနေ အိမ်ပြန်ဆောက်ချင်သူတွေ စစ်တပ်လက်အောက်ခံအထွေထွေအုပ်ချုပ်ရေးရုံးမှာ စာရင်းသွင်းပြီးမှဆောက်လို့ရမှာဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
မေလ ၂၁ရက်နေ့လောက်ကနေစပြီး မြို့တွင်းနေအိမ်ပြန်ဆောက်ချင်သူတွေထွေအုပ်ရုံးမှာစာရင်းလာပေးမှာဖြစ်သလို စာရင်းလာပေးမှသာ ကျပ်ငွေ၂သိန်းကိုထုတ်ပေးသွားမှာဖြစ်ပြီး အခုအချိန်ထိတော့ ကျပ်ငွေ၂သိန်းမရရှိသေးဘူးလို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အိမ်ဆောက်မဲ့သူတွေကိုထွေအုပ်ရုံးမှာ လျှောက်လွှာတင်ခိုင်းတယ် မဆောက်တဲ့သူတင် စရာမလိုဘူးထောက်ပံ့ကြေးတွေကိုလည်း စာရင်းလာသွင်းမှပေးမယ်တဲ့ သွားတင်တာတော့ အယောက်၅၀လောက်ရှိပြီးနောက်ထပ်လည်းသွားတင်တဲ့သူတွရှိမှာပေါ့”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ မြို့တွင်းကနေအိမ်ပြန်ဆောက်သူတွေကို ကျပ်ငွေ၂သိန်းပေးမယ်၊အိမ်မိုးဖို့အတွက်သွပ်ချပ်တွေ၊လိုအပ်တာတွေ ပေးမယ်လို့ပြောဆိုနေပေမဲ့လည်း အခုအချိန်ထိဘာမှမဖြစ်လာသေးသလို အိမ်ဆောက်ဖို့အတွက်ကိုလည်း စည်ပင်ကိုထပ်ပြီး စာရင်းတင်ရမှာအခက်အခဲဖြစ်နေတယ်လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“အရင်အစည်းအဝေးမှာပြောတာကတော့ လိုအပ်တာကူညီမယ်တဲ့ တကယ့်လက်တွေ့ကျတော့ဘာတစ်ခုမှမရဘူး အိမ်အခိုင်အမာဆောက်ချင်ရင်တောင်စည်ပင်ကိုတင်ရတာတဲဆောက်ရင်လိုတာကူညီမယ်ပြောလည်းဘာမှမရဘူး လောလောဆယ်ကုန်ဈေးနှုန်းတက်တာနဲ့ လူအများစုက စားရေးနေရေးအခက်တွေ့နေကြတာ”လို့ဆိုပါတယ်။
ဒါ့အပြင်ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇)တပ်ရင်းကနေလည်း နေ့တိုင်းလက်နက်ကြီးတွေလည်း ပစ်ခတ်တာတွေကိုလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ရက်နေ့က ကော့ကရိတ်မြို့မှာ ပြန်လည်နေထိုင်လို့ရပြီလို့ စစ်တပ်ကကြေငြာခဲ့ပေမဲ့လည်းမြို့တွင်းမှာ အနည်းစုသာပြန်လည်နေထိုင်နေကြပြီး စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေကလည်း မေလ ၁၆ရက်နေ့ကတည်းကပြန်ဖွင့်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း_နော်ဖူးဖူး
ပုံ-လူမှုကွန်ယက်
Phar Si Than(People’s Radio Myanmar)