
အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ-လိပ်သိုလ်ကားလမ်းမှာ စစ်ကောင်စီတပ်က ကုန်ကား သွားလာခွင့်ကိုပိတ်ထားတာကြောင့် လိပ်သိုပ်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကျော် စားနပ်ရိက္ခာ ပြတ်လတ်နေတယ်လို့ လိပ်သိုလ်မြို့ဒေသခံတွေဆီက သိရပါတယ်။
တောင်ငူ-လိပ်သိုလ်ကားလမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ကုန်ကားတွေ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားတာဖြစ်ပါတယ်။
အခုလို ကုန်ကားသွားလာခွင့်ကို ကန့်သတ်လိုက်တာကြောင့် လိပ်သိုလ်မြို့အပါအဝင် အနီးနား ကျေးရွာတွေဖြစ်တဲ့ ဇလဲ၊ သံမိုးတောင်၊ ယာဒို၊ ဝါသောခို၊ ပရယ်စောကျေးရွာနဲ့ အနီးအနားကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေမှာ အခြေခံစားနပ်ရိက္ခာပြတ်လတ်တာတွေ ဖြစ်ပွားနေတယ်လို့ လိပ်သိုလ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလက်ရှိလိုနေတာ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငပိတွေ အကုန်ပြတ်နေတယ်၊ ရွာဘက်တွေမှာလည်း အကုန်ပြတ်ကုန်ပြီး၊ တစ်အိမ်တက်ဆင်းအကူညီတောင်းရင်တောင်မရတော့ဘူး၊ အခုက ပိုက်ဆံ ရှိရင်တောင် ဝယ်လို့မရတဲ့အခြေအနေဖြစ်နေတယ်” လို့ လိပ်သိုလ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တောင်ငူ-လိပ်သိုလ်ကားလမ်းမှာ ကုန်ကားသွားလာခွင့်ကို မကန့်သတ်ခင်ကလည်း စစ်ကောင်စီ တပ်က လိပ်သိုလ်မြို့နယ်ဘက်ကို စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတဲ့အပြင် အခုလို ကုန်ကား သွားလာခွင့်ကိုပိတ်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
“လွန်ခဲ့တဲ့ ၃ လ လောက်ထဲက ဆန်သယ်တာတွေကို ပတ်ထားတာ၊ အရင်က ကားတစ်စီး ဆန်အိတ် ၅ အိတ်ထက်ပိုမသယ်ရဘူး၊ အဲ့ဒီထဲက ကုန်စျေးတွေတက်နေတာ၊ အခုဆိုရင် ကုန်ကားကြီးတွေကို လုံးဝပေးမသွားတော့ဘူး၊ ဆိုင်ကယ်ကတော့သွားလို့ရတယ်၊ ဒါလည်း အစစ်ဆေးကြမ်းတယ်၊ ပိုခက်ခဲလာတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အခုလို ကားလမ်းပိတ်လိုက်တာကြောင့် သံတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေမှာလည်း စားနပ်ရိက္ခာပြတ်လတ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီ နေသူတွေဆီက သိရပါတယ်။
“အခုက ဒီတောင်ပေါ်ကကျေးရွာတွေဘက်ကို ဖြတ်တာ၊ သံတောင်မြို့ဘက်ကိုလည်း လေယာဥ်လာကြဲ တာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်၊ အခုကျွန်တော်တို့ဆီမှာ စစ်ရှောင် ၅၀၀ ကျော်လောက် ရှိတယ်၊ လမ်းကသွားမရတော့ ရိက္ခာကမလောက်တော့ဘူး၊ တစ်ချို့ဆိုရင် တစ်နေကုန် ထမင်း တစ်ပန်းကန်ဘဲစားရတာမျိုးတွေရှိတယ်” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် သံတောင်မြို့အပါအဝင် လိပ်သိုလ်မြို့နဲ့ တောင်ငူမြို့ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ThandaungMupoe ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ -ThandaungMupoe
Phar Si Than (People’s Radio Myanmar)