
အောက်တိုဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ Siam Paragon စျေးဝယ်စင်တာမှာ ယနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ လူ၂ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် သံသယရှိသူ တစ်ဦးကိုလည်း အခင်းဖြစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
နောက်ဆုံးသိရတာတော့ သတင်းအရ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ Erawan ဆေးဘက်ဆိုင်ရာ အရေးပေါ်ဌာနမှ နောက်ဆုံးသတင်းအရသိရပါတယ်။ သေဆုံးသူ ၃ ဦးအနက် နှစ်ဦးမှာ တရုတ်နိုင်ငံမှ ဧည့်သည်အမျိုးသမီးတစ်ဦးနဲ့ မြန်မာနိုင်ငံသူ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
ဒဏ်ရာရသူ သုံးဦးကို King Chulalongkorn Memorial ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦး ဦးခေါင်းမှာ သေနတ်ထိမှန်ခဲ့ပြီး စိုးရိမ်ရသည်ဟု ဖော်ပြထားပါတယ်။ ကျန်နှစ်ဦးမှာ ထိုင်းအမျိုးသားတစ်ဦးနဲ့ တရုတ်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် လာအိုအမျိုးသမီးတစ်ဦးကို ဘန်ကောက်ခရစ်ယာန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ သူမကို လက်မောင်းမှာ ကျည်ဆန် ထိမှန်ပြီး ပခုံးထဲကို ကျည်ဝင်သွားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဘယ်ဘက်ပခုံးမှာ ဒဏ်ရာရသွားတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို Police General Hospital ကို ခေါ်ဆောင်သွားခဲ့ပြီး အန္တရာယ် ကင်းရှင်းကြောင်း ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ် Srettha Thavisin က အဖြစ်အပျက်ကို သိရှိကြောင်းနဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အခြေအနေကို စုံစမ်းစစ်ဆေးဖို့နဲ့ စောင့်ကြည့်ဖို့ တော်ဝင်ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ Pol Gen Torsak Sukvimol က လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကုန်တိုက်ရဲ့ မြေညီထပ်မှာ ညနေ ၄ နာရီခန့်က သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာမှာ သံသယရှိသူ သေနတ်သမားကိုဖမ်းမိခဲ့ပါတယ်။ မှုခင်းဖြစ်သွားနေစဉ်အတွင်း ရာနဲ့ချီတဲ့ ဈေးဝယ် သူတွေက ထွက်ပေါက်တွေဆီကို အလောတကြီး ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
သံသယရှိသူကလေးငယ်ကို ယခင်က စိတ်ကျန်းမာရေးပြဿနာတွေအတွက် ရာဂျာဝိသီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့သိထားရသော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေသေးတယ်လို့ Pol Gen Torsak က ပြောကြားခဲ့ပါတယ်။
မူကြိုကျောင်းသူ ၃၆ ဦး သေဆုံးခဲ့တဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်ရှိ ကျေးလက် စောင့်ရှောက်ရေးစင်တာရဲ့ အစုလိုက်သတ်ဖြတ်ခံရမှု နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့ စီစဉ်တာတွေ မပြုမီ ရက်ပိုင်းအလိုမှာ ယခုလိုဖြစ်စဥ်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
Ref: Thai PBS World & Bangkok Post
Photo: Thai PBS World