ပဲခူးမြို့ မြို့ရှောင်လမ်းက စစ်ကောင်စီတပ်ကို ဗုံးသီးတွေ၊ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်

ပဲခူးတိုင်း၊ ပဲခူးမြို့ မြို့ရှောင်လမ်းက စစ်ကောင်စီတပ်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးသီးတွေ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီအချိန်မှာ ပဲခူးမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပင်မထောက်ပို့တပ်ကို ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်တပ်က ၄၀ မမ ဗုံးသီးတွေ၊ မိုင်းတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကိုဝေယံကပြောပါတယ်။

“စစ်ကောင်စီရဲ့ ပင်မထောက်ပို့တပ်ခေါ်တာပေါ့ ၃ ရက်နေ့ ည ၈ နာရီမှာ ပဲခူးမြို့နယ် ပကဖက နေပြီးတော့ နန်း​ထိုက်အောင်စစ်ဆင်ရေးအဖြစ် ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ပစ်ခတ်တိုက်ခိုက်ခဲ့နေရာတော့ ဂိတ်ပေါက်ကို ပစ်ခတ်တိုက်ခိုက်တယ် မိုင်းလည်းခွဲလိုက်တယ်၊ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးတယ် ၂ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ၁ ဦးသေဆုံးတာကတော့ သတင်းပေးချက်တွေအရသိရတယ် ၂ ဦး ကတော့ ရန်ကုန်ကို အရေးပေါ်သယ်သွားရတယ်” လို့​သူက ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ရဲ့ ပင်မထောက်ပို့တပ်ကို နယ်မြေခံပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဗုံးသီးတွေ၊ မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့မှာတော့ စစ်ကောင်စီသား တွေက ပဲခူးမြို့ပေါ်မှာ လှည့်ပတ်ကြည့်ရှု့တာ လုပ်ဆောင်နေတယ်လို့ ​ပဲခူးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲ့ဒီဖြစ်တာက မြို့ပြင်မှာဖြစ်တာ မြို့ထဲမှာနေတာဆိုတော့ သေချာတော့မသိဘူး ဟို့တနေ့ညကတော့ ပစ်သံတွေတော့ကြားရတယ် ဟိုကောင်တွေကတော့ တစ်မြို့လုံးခြေရှုပ်နေတယ် အစ်မတို့လည်းသတိနဲ့ နေနေရတယ်”သူကပြောပါတယ်။

ဒါ့အပြင် ပဲခူးမြို့အဝင်ဂိတ်မှာ အမြဲစစ်ဆေးတာတွေတော့မရှိပေမဲ့ တခါတရံ စစ်ကောင်စီတပ်သားတွေ မှတ်ပုံတင်စစ်ဆေးတာမျိုးပြုလုပ်တတ်ပြီး ပဲခူးမြို့ပေါ်က စစ်ကောင်စီတပ်ဂိတ်ချထားတဲ့ နေရာတွေ မှာလည်း မကြာခဏ ပေါက်ကွဲမှုတွေဖြစ်ပေါ်လေ့ရှိတယ်လို့ ပဲခူးမြို့ဒေသခံတွေကဆိုပါတယ်။

ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ​နယ်မြေခံတော်လှန်းအင်အားစုတို့မှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပြီး အခုလိုတိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်မှ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ပဲခူးတိုင်းပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံက ပြောပါတယ်။

စစ်ကောင်စီတက်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ မကြာခဏ ကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံ​နေရတာအပြင် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူ တွေမှာလည်း မကြာခဏ ရှင်းလင်းခံနေရတာ ဖြစ်တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)