ကဒဲရွာမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစ ကလေးငယ်ကို ဒေသတောလှန်ရေးအဖွဲ့တစ်ခုက ပြုစုစောင့်ရှောက်ထား

အောက်တိုဘာလ ၅ ရက်နေ့၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ကဒဲရွာမှာ လာရောက်စွန့်ပစ်ထားတဲ့ မွေးကင်းစကလေးငယ်ကို ပုလောမြို့နယ်ရှိ PDFတွေက ပြုစုစောင့်ရှောက်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ကဒဲတံတားကြီးရဲ့ တောတွင်း တစ်နေရရာမှာ စွန့်ပစ်ထားတာကို ခရီးသွားရင်းတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲဘော် ကိုသန့်က ဆိုပါတယ်။

“ကဒဲတံတားကြီးနဘေးက တောလမ်းထဲမှာ လာပစ်ခဲ့တယ်။ ကျနော့်အနေနဲ့ အဲ့ဒီကလေးကို လာရောက်စွန့်ပစ်တယ်လို့ မသုံးနှုန်းချင်ဘူး။ ကလေးကို အသေသတ်ခဲ့တယ်လို့ သုံးနှုန်းချင်တယ်။ သူတို့စွန့်ပစ်ခဲ့တဲ့နေရာက ဘယ်လို့မှ လူမရောက်နိုင်တဲ့ နေရာဖြစ်နေတယ်။ ကျနော်တို့ရဲ့ လုပ်ငန်းတခုအရ သွားရင်းနဲ့ ကလေးငိုသံ သဲ့သဲ့ကြားလို့ သိရတာပါ” လို့သူက အခုလိုပြောပါတယ်။

အဆိုပါ ကလေးက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်နေပြီး အဲ့ဒီကလေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ PDF တွေရဲ့ စုံစမ်းချက်အရ သိရပါတယ်။

“ကလေးကို စက်တင်ဘာလ ၈ ရက်နေ့မှာ မွေးခဲ့တယ်လို့ ကျနော်တို့စုံစမ်းချက်အရသိရတယ်။ တစ်လမပြည့်သေးတဲ့ ကလေးလေးပါ။ ရက် ၂၀ လောက်ဘဲရှိသေးတာပါ” လို့ သူက အခုလို ဆက်ပြောပါတယ်။

အခုလက်ရှိ ကလေးကိုတော့ မြိတ်ခရိုင် တပ်ရင်း(၁)က စောင့်ရှောက်ထားပြီး ကလေးငယ်ကို နို့တိုက်ကျွေးဖို့အတွက် မိခင်တစ်ဦးရဲ့ အကူညီကိုလည်း ရထားတယ်လို့ PDFရဲဘော်တစ်ဦးက အခုလိုပြောပြပါတယ်။

“ကလေးနဲ့ပတ်သတ်တဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ကျနော်တို့  အကုန်ထောက်ပံ့ပေးတယ်။ ရွာက အမကလည်း သူ့ရဲ့ သားသဖွယ်ကလေးကို ပြုစုပါတယ်။ ကလေးအနားမှာ သူ့ကိုမွေးစားလိုက်တဲ့ အဖေနဲ့ ကျနော်တို့တွေရှိတယ်။ ကလေးကို မိခင်နို့ ၄၅ ရက်အထိ တိုက်ကျွေးပါမယ်” လို့ သူကဆိုပါတယ်။

ကလေးအရွယ်တစ်ခုရောက်လာရင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကို ခွဲစိတ်ဖို့အတွက် အကောင်းဆုံး ခွဲစိတ်ပြုပြင်ပေးဖို့ ဆုံးဖြတ်ထားတာတွေရှိတယ်လို့ သိရပါတယ်။ အဆိုပါကလေးငယ်ကို ဘယ်က လာရောက်စွန့်ပစ်တယ်ဆိုတာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ စုံစမ်းနေဆဲဖြစ်တယ်လို့ ရဲဘော် ကိုသန့်က ရှင်းပြပါတယ်။

“ကလေးကို ဘယ်က လာရောက်စွန့်ပစ်တယ်ဆိုတာကို‌တော့ အတည်ပြုဖို့ခက်တယ်။ ကျနော်တို့အနေနဲ့ လိုက်လံစုံစမ်း အတည်ပြုနေဆဲပါဘဲ့။ ဘယ်မိဘက လာရောက်စွန့်ပစ်တယ်ဆိုတာကိုတော့ သိရဖို့က အနီးစပ်ဆုံးဖြစ်နေပါပြီ” လို့ သူကပြောပြပါတယ်။

အခုလို ကလေးကို လာရောက်စွန့်ပစ်သွားတဲ့အပေါ် ကဒဲရွာက ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက အမျိုးမျိုးခန့်မှန်းပြောဆိုနေကြတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ကဒဲရွာကဒေသခံတစ်ဦးက “မိဘတွေက ဘယ်လိုစိတ်နဲ့ လာပစ်သွားတာလဲတော့ မသိဘူး။ အရမ်း ရက်စက်ကြတယ်။ PDF တွေကိုလည်း အရမ်းကျေးဇူးတင်တယ်။ သူတို့ကလေးကို တွေ့တဲ့အချိန် ဘာမှစဉ်းစာမနေဘဲနဲ့ ကောက်ယူမွေးစားတဲ့အတွက် လေးစားတယ်။ ကျမတို့လည်း တက်နိုင်တဲ့ ဘက်ကနေ ကလေးအတွက်ကူညီပါ့မယ်” လို့ အခုလိုဆိုပါတယ်။

ကလေးအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်တတ်တဲ့ အချိန်တစ်ခုရောက်လာရင် သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခွင့်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ ပုလောမြို့နယ်မှာ အခုလို ကလေးကို စွန့်ပစ်တဲ့ ဖြစ်စဉ်က ပထမဆုံအကြိမ်ဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)