စစ်ကောင်စီတပ်က လိပ်သိုလ်ဒေသ မိတ်သလင်းတောင်ကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အိမ်ခြေ ၁၃၄ အိမ်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုလ်ဒေသ၊ မိတ်သလင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လိပ်သိုလ်ဒေသ၊ မိတ်သလင်းတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိတ်သလင်းတောင် အထက်ရွာနဲ့ အောက်ရွာမှာရှိတဲ့ အိမ်ခြေ ၁၃၄ အိမ်က ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

“မနေ့ မနက်ပိုင်းလောက်မှာ ရွာနားမှာ ပစ်ခတ်တာတွေဖြစ်ခဲ့တာ၊ ပြီးတာနဲ့ လေယာဥ်တက်လာတာဘဲ၊ လေယာဥ်လာပြီးတော့ ချက်ချင်းမပစ်သေးတယ်၊ ခနဝဲသေးတယ်၊ ၁၀ မိနစ်လောက်နေတော့ ပစ်တယ်၊ အဲ့ဒါကြောင့် မိတ်သလင်းက အထက်ရွာ၊ အောက်ရွာမှာရှိတဲ့ အိမ်ခြေ ၁၃၄ အိမ်လောက်က ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သံတောင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ ရှိသလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ယာဒို ပရယ်စောကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“အဲ့ဒီနေ့က တိုက်ပွဲမဖြစ်ဘူး၊ ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်က ယာဒိုပရယ်စောရွာဘက်ကို ဗုံးကြဲတာ၊ အဲ့ဒီမှာ အသက် ၃၀ အရွယ်မိန်းကလေးတစ်ယောက်ထိတယ်၊ သူကမစိုးရိမ်ရဘူး၊ အသက် ၈၀ လောက်ရှိတဲ့ အဖွားကတော့ လည်ပင်းကို ထိသွားတယ်၊ စိုးရိမ်ရတယ်” လို့ စစ်ရှောင် ကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ အစပိုင်းလောက်ကစပြီး သံတောင်မြို့နယ်၊ ထိုးဘိုကြီး စစ်စခန်းကနေ စစ်ကား ၄ စီး နဲ့ လိပ်သိုလ်ဒေသနဲ့ သံတောင်မြို့ မြောက်ပိုင်းတစ်ခွင်ကို စစ်ကြောင်းထိုးလှုပ်ရှားတာတွေ ​ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က သံတောင်မြို့နယ်ဘက်က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ သံတောင်မြို့ ၇ မိုင်ဂိတ်၊ ၄ မိုင်ဂိတ်နဲ့ ဘုရင့်နောင်တပ် တွေကနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံ ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ThandaungMupoe ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ThandaumgMupoe

Phar Si Than (People’s Radio Myanmar)