
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကော့နွဲ့ကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ ခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမကြာခဏ ဖြစ်ပွါးလေ့ရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း ကော့နွဲ့ကျေးရွာနားမှာ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ battle ဆိုင်တဲ့အနေထားမှာရှိပါတယ်၊ စစ်တပ်ကတော့ တိုက်ပွဲဖြစ်ရင် လက်နက်ကြီးတွေ နဲ့ထုပါတယ်၊ တိုက်ပွဲထဲမှာ ကျားဖြူ၊ နဂါးဖြူ၊ lion battalion ကအခွဲတစ်ခွဲပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း မြဝတီ-ကော့ကရိတ်အာရှလမ်းနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်လူကြီးလမ်းကြောင်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“၈ ရက်နေ့ တိုက်ပွဲက စကစ လူကြီးလမ်းကြောင်း လမ်းလုံခြုံရေးယူတဲ့ ယာဉ်တန်းကို မဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက်တာပါ၊ ကားနှစ်စီးကတော့ ရစရာမရှိအောင်ဖြစ်သွားတယ်၊ လက်ရှိမှာလည်း ကော့ကရိတ်မှာတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲပါ” လို့ သူက ပြောပါတယ်။
အခုလို ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ်တွေပေါ်ကျလာမှာကို စိုးရိမ်နေရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကတော့နေ့တိုင်းဖြစ်တယ်၊ စစ်တပ် ၉၇ တို့ လှိုင်ဝတို့ကလည်း လက်နက်ကြီးနဲ့လှမ်းထုတယ်၊ အသံတွေကြားရင် အပြင်မသွားရဲဘူး၊ သွားစရာအလုပ်ရှိရင်တောင် အိမ်ထဲမှာဘဲနေရတယ်၊ လူတွေပေါ်ကျလာမှာစိုးရိမ်နေရတယ်” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)