ဖလူးရွာ DKBA တရုတ်ကျားဖျန့်ခြံဝင်းကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်၊ တရုတ်နိုင်ငံသား၃ဦး‌ သေဆုံး၁၃ဦးဒဏ်ရာရ

The current image has no alternative text. The file name is: dkba-747813964-png

 ဖလူးရွာ DKBA တရုတ်ကျားဖျန့်ခြံဝင်းကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်၊ တရုတ်နိုင်ငံသား၃ဦး‌ သေဆုံး၁၃ဦးဒဏ်ရာရ

_
By – People’s Radio Myanmar
Date – 28 March 2026

ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ DKBA တပ်ဖွဲ့ပိုင် ကျွန်းတော တရုတ်ကျားဖျန့် ငွေလိမ်ခြံဝင်းကို အကြမ်းဖက်စစ်တပ်လက်ခတ်တောင် စစ်စခန်းဘက်မှ မတ်လ ၂၆ ရက် ညပိုင်း၁၁ နာရီကျော်အချိန်မှာ ကာမီကာဇေအသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တရုတ်နိုင်ငံသား ကျားဖျန့်လုပ်သူ ၃ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သတင်းအရင်းအမြစ်တွေက PRM ကို ပြောပါတယ်။

အဲ့ဒီ အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ ကျွန်းတော ကျားဖျန့်ဆိုက်အဆောက်အဦးတွေ ထိမှန်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို DKBA ကျောက်ခက်ကျေးရွာဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ အမည်မဖော်လိုတဲ့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

” အဲဒီရုံက ခဏခဏတိုက်ခံထိတယ်၊ စစ်တပ်နဲ့ DKBAနဲ့ အပေးအယူ ရှိတယ်ဆိုပြီး ဆက်လုပ်နေကြတာမှာ ကာမီကာဇေ နဲ့ ထိကုန်တာပေါ့နော်၊ ည၁၁ နာရီ ကျော်လောက်ပေါ့ အသံကြီး နှစ်ချက် ကြားရတယ် ၊မနက်ကျတော့ ညတရုတ်၃ယာက် သေတယ်၊ ၁၃ ယောက်အစထိလို့ ကျောက်ခက် ဆေးရုံသယ်ပို့တယ်လို့ သိရတယ်” လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်က အခုမတ်လထဲမှာ DKBA တပ်ဖွဲ့တွေရဲ့ ကျားဖျန့်ခြံတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက် ခိုက်တာရှိသလို၊‌ ဒေသခံတွေ စစ်ဘေးရှောင်တိမ်းခိုလှုံနေတဲ့ စစ်ရှောင်စခန်းနေရာတွေကိုလည်း တိုက်ခိုက်နေတာပါ။

အခုလို DKBA တပ်ပိုင်စီးပွား ရေးလုပ်ငန်းနေရာတွေကို စစ်အုပ်စုက တိုက်ခိုက်နေပေမယ့် DKBA တပ်ဖွဲ့ဘက်ကတော့ စစ်ရေးအရ ပြန်လည်တိုက်ခိုက်တာမျိုးမရှိသေးပါဘူး။

ဒါအပြင် မြဝတီမြို့ပေါ်ရပ်ကွက်တွေက DKBAတပ်ဖွဲ့ စီးပွားလုပ်ငန်းနေရာတွေက ဂိမ်းရုံ၊ ကာစီနိုရုံ၊ ကျားဖျန့်ရုံ၊ အာဝါဒေးလောင်းကစားပွဲခင်းတွေကိုလည်း စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတာမျိုး ရှိနေပါတယ်။

လတ်တလော DKBAတပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စစ်တပ်ကပစ်ခတ်တာ၊ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး DKBA ခေါင်းဆောင်တွေက သဘောထားကြေငြာချက်ထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးပါဘူး။

အခုလိုစစ်တပ်က DKBAတပ်ဖွဲ့ ရဲ့ စီးပွားရေးလုပ်ငန်းတွေကို နှိမ်နှင်းနေပေမယ့် အခြား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံရှိနေတဲ့ မြဝတီမြို့အပါအဝင်၊ ကျေးနယ်ရပ်ကွက်တွေက တရားမဝင်လောင်းကစားလုပ်ငန်းတွေ၊ ကျားဖျန့်ငွေလိမ်လုပ်ငန်းတွေကိုတော့ ဖမ်းဆီးတာ၊ ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိသေးဘူလို့ မြို့ခံ၊ နယ်ခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

#ဖလူး
#DKBA
#ကျားဖျန့်
#peoplesradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *