တောင်ငူ−သံတောင်လမ်း (၅) မိုင် နားမှာ တိုင်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အနီးနားကျေးရွာရှိ နေအိမ် (၂၅) လုံးကို မီးရှို့ ဖျက်ဆီး

နိုဝင်ဘာလ ၁၄ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ တောင်ငူ−သံတောင်လမ်း (၅) မိုင်နားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး အနီးနားကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သံတောင်မြို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂)ရက်နေ့က ကယားပြုံးချောင်းရွာနားရှိ ခလရ (၃၉) တပ်ရင်းနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရှမ်းပြုံးချောင်း အနောက်ရွာ၊ ကယားပြုံးချောင်းရွာနဲ့ ရေဆင်းကုန်းရွာတွေဘက်က နေအိမ် (၂၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

အခုလို မီးရှို့ဖျက်ဆီးတာကြောင့်  နေအိမ်စုစုပေါင်း (၂၄၀)လောက်က လူဦးရေ (၃၀၀) ဝန်းကျင်လောက်ဟာ ဘေးလွတ်ရာတောတောင်တွေနဲ့ တောင်ငူမြို့ဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ အိမ်က (၂၅) လုံးပါ၊ ရှမ်းပြုံးချောင်း အနောက်ရွာ၊ ကယားပြုံးချောင်းရွာ၊ ရေဆင်းကုန်းရွာက အိမ်တွေပါ၊ အဲ့ရွာတွေက တောင်ငူမြို့ အရှေ့ဘက်ကမ်း တောင်ငူ သံတောင်လမ်း (၅) မိုင်မှာ ရှိနေတာပါ၊ ရွာမှာလူမရှိတော့ဘူး နေတဲ့လူက နေပါတယ်၊ (၃)ပုံမှာ (၂)ပုံက ပြေးရှောင်ကြပါပြီး၊’ လို့ သံတောင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်နေပြီး နေထိုင်ရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

“ လိုအပ်ချက်တွေအများကြီးရှိပါတယ်၊ စစ်ဘေးရှောင်တွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄ ဦးပါဝင်ပါတယ်၊ တစ်ချို့က ဆွေမျိုးတွေနဲ့ နေတယ်၊ တစ်ချို့က နေရာချထားပေးပါတယ်၊ တဲတွေဆောက်ထားပေးပါတယ်၊ ထရံနဲ့ အမိုးအကာတွေ လိုအပ်တာပေါ့၊” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် တောင်ငူ−သံတောင်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို ကယားပြုံးချောင်းရွာနားရှိ ခလရ (၃၉)က အနီးအနားကျေးရွာတွေဘက်ကို အင်အားဖြန့်ကျက်ထားကာ ကယားပြုံးချောင်းရွာနဲ့ ရှမ်ပြုံးချောင်းရွာတွေဘက်မှာ တပ်စွဲနေထိုင်နေကြတယ်လို့ ကယားပြုံးချောင်းရွာ ဒေသခံတွေဆီက သိရပါတယ်။

“ တောင်ငူ−သံတောင်လမ်း (၄)မိုင်နဲ့ (၅)မိုင်တစ်ဝိုက်က ခလရ (၃၉) တပ်တွေ နယ်မြေစိုးမိုးချင်လို့ တပ်အင်အားဖြန့်ထားတာပါ၊ သံတောင်ကြီးမြို့က စစ်တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကျေးရွာတွေအထိ တပ်စွဲတာတွေကို စတင်လုပ်ဆောင်နေကြပါတယ်၊” လို့ သူကပြောပါတယ်။

တောင်ငူ−သံတောင်လမ်းပိုင်းတစ်လျှောက်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်တပ်၊(၇) မိုင်တပ်နဲ့ လိပ်သိုလ်တပ်စခန်းကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် သြဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်း ဒေသခံပြည်သူနေအိမ် (၁၀) လုံးကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ ThandaungMuPoe ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ThandaungMuPoe

Phar Si Than (People’s Radio Myanmar)