
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၁၂) နဲ့ လှိုင်ဝတံတားအနီးရှိ စစ်ကောင်စီတပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Kloud အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ မနက် (၁၁) နာရီလောက်က စကခ (၁၂) ဝန်းနဲ့ လှိုင်ဝတံတားအနီးရှိစစ်ကောင်စီတပ်ကို Justic Soldier PDF Drone တပ်ခွဲ၊ Kloud၊ Angry bird drone တပ်ဖွဲ့၊ Power Of Ababil အဖွဲ့တွေက ဒရုန်းနဲ့ (၃) ကြိမ်တိုက်သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ စာရင်းအတိအကျကို မသိရှိရသေးဘူးလို့ Power Of Ababil အဖွဲ့က တာဝန်ခံ ကိုလင်းမြတ်က ပြောပါတယ်။
” စကခ (၁၂)နဲ့ လှိုင်ဝအမြောက်ကုန်းကို ဒရုန်းနဲ့ ၃ လုံးကြဲချခဲ့တာပါ၊ သေဆုံးထိခိုက်မှု မသိရှိရသေး၊ (၁၁၁၁)လုံးကို ရည်ရွယ်ပါတယ်၊ KNLA ဒရုန်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်တာပါ၊” လို့ သူကပြောပါတယ်။
အခုလို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်သီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိသလို စကခ (၁၂) ဝန်းအနီးတစ်ဝိုက်မှာ စစ်ဆေးရေးတွေ တင်းကြပ်ထားတယ်လို့ Kloud တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” သွားတိုက်ပြီးတော့ သူတို့ဘက်က ရမ်းပစ်တာတွေ ရှိပါတယ်၊ အခုလို သွားတိုက်ပြီးတော့ သူတို့ကနေ စကခ (၁၂) ဝင်းတစ်ဝိုက်မှာ လုံခြုံရေးတွေတင်းကြပ်ထားတယ်၊ကျွန်တော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ပါဘူး၊” လို့ သူက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
” မြို့ထဲမှာကတော့ လောလောဆယ် ငြိမ်နေပါတယ်၊ လက်နက်ကြီးက ညတိုင်းပစ်ပါတယ်၊ လောလောဆယ်တော့ တိုက်ပွဲ ဖြစ်တာမျိုးမရှိသေးပါဘူး၊ လက်နက်ကြီးနဲ့ကတော့ ညတိုင်း (၉၇) ဘက်ကနေ ပစ်ပါတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက ဘားအဲနဲ့ လှိုင်းဘွဲ မြို့နယ်တွေကအပ ကျန်မြို့နယ် (၅) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေလည်း နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇)ရက်နေ့ကလည်း ဇိနသုခ ဘုရားဝင်းရှေ့နဲ့ ခလရ (၉၇) တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးတစ်ဦးအပါအဝင် (၃) ဦးသေဆုံးခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Kloud
Phar Si Than (People’s Radio Myanmar)