တောင်ကလေးကျေးရွာအနီးစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်တို့နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ

ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအနီးစစ်ကောင်စီတပ်နဲ့KNLAပူးပေါင်း တပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒီနေ့ဒီဇင်ဘာလ၂၇ရက်နေ့ မနက်၉နာရီ၃၀မိနစ်အချိန်လောက်ကနေစပြီး တောင်ကလေးကျေးရွာအနီး စစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်ရဲ့ တောင်ကလေးအမြှောက်တပ်ကနေလည်း လက်နက်ကြီးတွေလည်းပစ်ခတ် နေတယ်လို့ တောင်ကလေးကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။

“အခုတောင်ပစ်နေပြန်ပီ ဘယ်နားလည်းတော့မသိဘူး တိုက်ပွဲပဲ ချောင်းနှစ်ခွလား မယ်တရိုလားတော့မသိဘူး အသံက၉ခွဲလောက်ကနေစကြားတာ အလုံးကြီးရော လက်နက်သေးတွေရော ညံနေရောပဲ တောင်ကလေးကတော့ လက်နက်ကြီးနှစ်လုံးပဲ ပစ်ရသေးတယ် ကျသံကများနေတယ် ဘယ်ကနေပစ်နေလည်းတော့မသိဘူး” လို့ သူကပြောပါတယ်။

ဒါ့အပြင်ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲငယ်တွေမှာ မကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေမှာလည်း ကျေးရွာအတွင်းပြန်ဝင်လို့ မရသေးပဲစစ်ဘေးဆက်လက်တိမ်းရှောင် နေရတယ်လို့ ချောင်းနှစ်ခွကျေးရွာ သားတစ်ဦးကဆိုပါတယ်။

“ ရွာထဲကိုတော့ဝင်တော့မရသေးဘူး ပစ်တာကတော့ပစ်နေတုန်းပဲ တစ်ဖွဲ့လာပစ်လိုက် နှစ်ပွဲလာပစ်လိုက်စခန်းကပြန်ပစ်လိုက်နဲ့ ပစ်တော့ပစ်နေတာပဲ အမြဲတမ်းတောက်လျှောက်တော့ မဟုတ်ပဲပစ်တော့ပစ်နေတာပေါ့ အသံကတော့မကြာခဏတော့ထွက်နေတာပေါ့”လို့ ဆိုပါတယ်။

တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာလည်း စစ်ကောင်စီတပ်စီတပ်သားတွေတပ်စွဲထားသလို ဒေသခံပြည်သူတွေရဲ့နေအိမ်တွေက ပစ္စည်းတွေလည်းပျောက်ဆုံးတာတွေရှိနေတာကြောင့် ဒေသခံတွေမှာပစ္စည်းပြောင်းရွှေ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။

ချောင်းနှစ်ခွကျေးရွာကို ဒီဇင်ဘာလ၂၀ရက်နေ့ကနေ ၂၅ရက်နေ့ထိ၆ရက်ဆက်တိုက် စစ်တပ်ဘက်က ဂျက်ဖိုက်တာလေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူ နေအိမ်၈လုံးလောက်ထပ်မံမီးလောင် ပျက်စီးခဲ့ပါသေးတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားနေတာမှာ တစ်လကျော်ကြာမြင့်နေပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်၅၀လောက်မီးလောင်ပျက်စီးကာ မိကသစ်ကျေးရွာနဲ့ ပေါလောကျေးရွာကဦးဇင်းတစ်ပါးနဲ့ကလေး၂ဦးသေဆုံးခဲ့သလို ဒေသခံ၄၀၀၀ ကျော်ကလည်း စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)