တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စွယ်တော်ကုန်းစစ်တပ် အမြောက်ကုန်းနေရာဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၈ရက် ၂၀၂၄ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စွယ်တော်ကုန်း စစ်တပ် လက်နက်ကြီးကုန်းဝန်းကျင်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၅ရက်နေ့ ည ၁၁နာရီကျော်လောက်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ စွယ်တော်ကြန်းအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ သုံးကြိမ်လောက်ကြဲတာ၊ လေယာဉ်လာကြဲတဲ့အသံဘဲ ကြားရတယ်၊ ကြဲရင်တော့ တစ်ခါကြဲရင် ၈လုံး အနည်းဆုံးဘဲ၊” လို သူကပြောပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ စွယ်တော်ကုန်း စစ်တပ်လက်နက်ကြီးကုန်းကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေလာရောက် မတိုက်ခိုက်နိုင်အောင် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေချိန် မြဝတီမြိုအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့လဲ ဆွယ်တော်ကုန်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက်ကြီး‌ေတွ နဲ့ ပစ်ခတ်နေတယ်လို PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

“ ဒီကောင်တွေက နေ့တိုင်းဘဲ ရမ်းပစ်နေတာပါ၊ ညတုန်းကလည်း ဘာမှမဖြစ်ဘဲ ဒီအတိုင်းလာကြဲသွားတာ၊ ကြဲတာကတော့ လေးကေ့ကော်ဘက်ထင်တယ်၊ ကျွန်တော်တိုရှိတဲ့နေရာနဲ့ နည်းနည်းလှမ်းတယ်၊” လို သူကပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ဧပြီလ ၂၆ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ မြဝတီမြိုထဲမှာ ပုံမှန်အတိုင်း သွားလာနေကြတယ်လို ဒေသခံတွေဆီက သိရပါတယ်။

မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာ ၁ လကျော်ကြာမြင့်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးကေ့ကော်၊ထီးမယ်ဝါးခီး၊ ဖလူးနဲ့ မင်းလက်ပံကျေးရွာက ဒေသခံ ၁၀၀၀ နီးပါးဟာ ပလော့တပို့စစ်ရှောင်စခန်းမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ အခု စစ်ရှောင်နေရတာ ၁လကျော်ပြီးလေ၊ အစားအသောက်အခက်အခဲနည်းနည်းရှိတယ်၊ ပူတော့ ကလေးတွေနေရတာ အဆင်မပြေဘူး၊” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧပြီလ ၂၀ရက်နေ့ကလည်း မြဝတီမြို၊ ရေပူကျေးရွာအနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် အတွဲလိုက်ဗုံးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို ရေပူကျေးရွာက ဒေသခံ ၁၀ ဦးနီးပါး သေဆုံးခဲ့သလို နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ- ပုံဟောင်း
Phar Si Than(People’s Radio Myanmar)