[videopress p5eGjMs8]
ဇန်နဝါရီလ ၃ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ အင်အား ၂၀ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အလစ်ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူဆီက ဆိုပါတယ်။
“ သူတို့တပ်စွဲထားတာ ၁နှစ်ကျော်ပြီ။ အခြေအနေမကောင်းတဲ့အချိန်ကစပြီး သူတို့အဲ့နေရာမှာ တပ်စွဲပြီးနေနေတာ။ ပြည်သူတွေကိုလည်း စစ်ပြီး ငွေကြေးကောက်တာ၊ ဖမ်းဆီးတာတွေကိုလည်း အမြဲလုပ်တယ်” လို့သူကအခုလို ပြောပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ခဲ့ဘူး။အလစ်ပစ်ခတ်တာလောက်ပါဘဲ့။ သူတို့ဘက်က ပြန်ပစ်တဲ့အချိန် ကျနော်တို့ ပြန်ဆုတ်လာလိုက်တာပါ” လိူ့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူဆီက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးချိန်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ တပ်ရင်းတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်ကလည်း တနင်္သာရီမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၃ကြိမ်နဲ့အထက် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အခုလက်ရှိ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ အနေနဲ့ စစ်ရေးသတိအမြဲရှိဖို့၊ စစ်ကောင်စီတပ်တွေနဲ့ အနီးဆုံးမှာမနေဖို့ တနင်္သာရီမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)