တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား

ဇန်နဝါရီလ ၂၄ရက်နေ့၊ ၂၀၂၄ခုနစ်

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးတာနဲ့ အရပ်သား သေဆုံးမှုတွေလည်း ရှိတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့၊ မနက် ၉နာရီခွဲလောက်မှာ တနင်္သာရီမြို့ပေါ်ကနေ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁) တပ်ရင်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ဇန်နဝါရီလ ၂၃ရက်နေ့ မနက် ၈နာရီလောက်မှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ အဲ့စစ်သားတွေက ကြားဖြတ်တိုက်ခံရတာပါ။ ပထမရက်ဆို ဟိုဘက်ဒီဘက်ပစ်နေတာ ၂နာရီကျော်တယ်။ အဲ့ဒီစစ်ကြောင်းက မနေ့က တပ်ရင်းထဲဝင်သွားပြီ” လို့သူက အခုလိုပြောပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ၃ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေက ညောင်ပင်ကွင်းရွာရှိ ဥယျာဉ်ခြံတစ်ခုထဲ နေထိုင်နေတဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးကို သေနတ်ပစ်သတ်သွားတယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံက ဆက်ပြောပါတယ်။

“ သေဆုံးသွားတဲ့သူက ညောင်ပင်ကွင်းရွာ အနောက်ဘက်ကမ်းကပါ။ သူက ခြံထဲမှာနေနေတာပါ။ အရှေ့ဘက်ကမ်းက လူတွေက အကုန်စစ်ရှောင်ကုန်ပြီ။ အနောက်ဘက်မှာက စစ်တပ်ရှိတာဆိုတော့ တပ်နဲ့ ပတ်သတ်တဲ့သူတွေဘဲ့ ကျန်ခဲ့တာ” လို့သူက ပြောပြပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့ကတည်းက ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်ကလည်း ဇန်နဝါရီလ ၂၃ရက်နေ့ ညအထိ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တွေအကြား စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ အနီးမှာ မနေဖို့ ဒေသတော်လှန်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)