မောင်မယ်ရှောင်ရွာမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်အစီး ၅၀ကျော်ကို စစ်ကောင်စီတပ်က ယူဆောင်သွား

ဇန်နဝါရီလ ၁၉ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာရှိ ဒေသခံတွေကို ဖမ်းဆီးတာနဲ့ လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၈ရက်နေ့၊ မနက် ၈နာရီလောက်မှာ မောင်မယ်ရှောင်ရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အနီးမှာ တစ်နာရီကြာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက ရွာထဲကိုဝင်လာပြီး ကလေး၊ အသက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ရွာအရှေ့ပိုင်းကို ဝင်ပြီး လူတွေကို ဝင်ဖမ်းတယ်။ ဖမ်းပြီး ရှင်ဓာတ်ဝဲဘုရားကို ခေါ်သွားတယ်။ ရွာသား တစ်ဦးတော့ ရိုက်နှက်ခံရတယ်” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေက မောင်မယ်ရှောင်ရွာ အရှေ့ပိုင်းရှိ ဒေသခံတွေရဲ့ ဆိုင်ကယ် အစီး ၅၀ ကျော်နဲ့ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

အဖမ်းခံရသူနဲ့ နီးစပ်သူတစ်ဦးက “အခုလိုလုပ်ရတာ အဲ့ဒီပစ်ခတ်မှုမှာ စစ်တပ်က ဗိုလ်တစ်ဦး သေလို့ လုပ်ရတာဆိုပြီး စစ်သားတွေက ပြောတယ်။ ဖုန်းတွေကိုပါ သိမ်းသွားတယ်။ စစ်ကား ၂စီးကို မိုင်းဆွဲတယ်လို့ သိရတယ်” လို့ သူကပြောပြပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုတော့ ဇန်နဝါရီလ ၁၉ရက်နေ့၊ နေ့လည် ၁၂နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုဖြစ်စဉ်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးမှုကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ နိုဝင်ဘာလ ဒုတိယပတ်လောက်မှာလည်း မောင်မယ်ရှောင်ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက အလစ်ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)