တနင်္သာရီတိုင်းထဲမှာ နယ်လုံဝန်ကြီးအသစ်ခန့်အပ်ပြီးတဲ့နောက်ပိုင်း ထားဝယ်အကျဉ်းထောင်အတွင်း အခြေအနေပိုတင်းကျပ်

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းထဲမှာ နယ်လုံဝန်ကြီအသစ်ခန့်အပ်ပြီးတဲ့နောက်ပိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်သားအချို့ကို တိုက်ပိတ်တာနဲ့ ရဲစခန်းတွေကို ပြန်လည်ခေါ်ထုတ်စစ်ဆေးတာတွေလုပ်ဆောင်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက တနင်္သာရီတိုင်းရဲ့ နယ်လုံဝန်ကြီးအဟောင်း ထားဝယ်အကျဉ်းထောင်ကို လာရောက်စစ်ဆေးခဲ့ပြီး အခုအပတ်ထဲမှာလည်း နယ်လုံဝန်ကြီးအသစ် ထားဝယ်အကျဉ်းထောင်ထဲကို ဒုတိယအကြိမ် ထပ်မံလာရောက်စစ်ဆေးခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။

“နယ်လုံအသစ်ပြောင်းပြီးနောက်ပိုင်း အပြင်မှာတော့ ထူးထူးခြားခြား ကြားရတာတော့ မရှိသေးဘူး။ ထောင်တွေထဲကိုတော့ ရောက်လာပြီးပြီလို့ သိရတယ်။ ထောင်ထဲမှာလာပြီး ကြပ်မတ်ခဲ့တယ်။ အရင်ကထက် ထောင်ထဲမှာ ပိုအခြေအနေဆိုးသွားတာပေါ့” လို့ သူကအခုလိုပြောပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲကို လာရောက်စစ်ဆေးတဲ့အချိန် ထောင်ဝန်ထမ်း ၄ ဦးဆီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိပြီး အကျဉ်းသားတချို့မှာ မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အကျဉ်းသားတစ်ဦးရဲ့ မိခင်ဖြစ်သူကပြောပါတယ်။

“ဝန်ထမ်းတွေမှာ ဆေးတွေမိတယ်။ သူတို့ကိုစစ်တဲ့အခါကျ သူတို့ကဖော်ထုတ်တာပေါ့။ ဖုန်းတွေမိတော့ ဘယ်သူနဲ့ဆက်သွယ်တယ်ဆိုတာကို စစ်မေးခံရတာပေါ့” လို့ သူမကအခုလိုပြောပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ ထောင်ဝန်ထမ်း ၄ ဦးကိုတော့ ထားဝယ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ထောင်တွင်းပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ခံရတဲ့ အကျဉ်းသား ၂၀ ဝန်းကျင်ရှိပြီး အရေးယူခံထားရတဲ့သူတွေကို ထောင်ဝင်စာပို့ခွင့်လည်း ပိတ်ထားတယ်လို့ ထောင်ဝင်စာပို့နေတဲ့သူတစ်ဦးက ဆိုပါတယ်။

“ဟို ၄ ယောက်ကိုတော့ တရားရုံးမှာစစ်နေတယ်ကြားတယ်။ ထောင်ဝင်စာသွားပို့တဲ့အချိန် နာမည်မေးတယ်။ အရေးယူခံထားရတဲ့လူဆို မပို့ခိုင်းဘူး။ ပြန်ယူသွားခိုင်းတာမျိုးတွေလုပ်တယ်။ ထောင်ဝင်စာပို့ခွင့် ပိတ်ထားတယ်ဆိုပြီး ပြောတယ်” လို့ သူကအခုလို ပြောပါတယ်။

အရေးယူခံထားရတဲ့ သူတွေထဲမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။

အခုလက်ရှိ တနင်္သာရီတိုင်းထဲမှာ စစ်တက္ကသိုလ်က နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီးမင်းမင်းလတ်ကို လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ကြားအင်းဆိပ်ကြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းကို ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် ဒုတိုင်းမှူး၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်းကို အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးအဖြစ် ပြောင်းလဲခန့်အပ် လိုက်တယ်လို့  အမည်မဖော်လိုတဲ့ တပ်တွင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ထားဝယ်အကျဉ်းထောင်အတွင်း ထောင်တွင်းအပြစ်ဒဏ်နဲ့ အရေးယူခံနေရတဲ့သူတွေကို ထားဝယ်ထောင်ကနေ အခြားထောင်ကို ရွှေ့ပြောင်းမှုတွေလုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးနဲ့ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ကျော်ရှိတယ်လို့ DPPN ရဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)