
ဇူလိုင်လ ၁၂ ရက်နေ့၊ ၂၀၂၃ ခုနစ်
စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ တိုက်ပွဲတွေဖြစ်များလာတာကြောင့် နေအိမ်တွေကိုစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ဘေးရှောင် ၂၆၀၀၀ ကျော်အနက် စစ်ဘေးရှောင် ၈၀၀၀ ကျော်ဟာ ရိက္ခာ၊ဆေးဝါးပြတ်လပ်မှုတွေ တွေ့ကြုံနေရတယ်လို့ ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲတွေအဖြစ်များလာတာကြောင့် အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၈၀၀၀ ကျော်အတွက်အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအဓိကလိုအပ်နေပြီး စစ်ဘေးရှောင်စခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ လစဉ်စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ စစ်ရှောင်မှာ ၂ မျိုးရှိတယ်ပေါ့နော်။ အရေးပေါ်ရှောင်နေရတဲ့သူရှိတယ်၊ စစ်ရှောင်စခန်းနဲ့နေတဲ့သူရှိတယ်။အရေးပေါ်ရှောင်နေရတဲ့ စစ်ရှောင်တွေအတွက်ကတော့ ရိက္ခာရော၊ ဆေးဝါးရော၊ မိုးရာသီဖြစ်တဲ့အတွက်အမိုးအကာတော့အဓိကလိုတယ်” လို့ သူကပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိုးရာသီမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးတွေအပြင် ငှက်ဖျားရောဂါကို အဓိကခံစားနေရပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ မိုးရာသီနဲ့ဆိုင်တဲ့ တုပ်ကွေးတို့၊ ငှက်ဖျားတို့အဓိကဖြစ်တာပေါ့။ ကျန်းမာရေးလို့ပြောတဲ့အထဲမှာ ဒီကာလမှာ အဲ့နှစ်ခုက ပိုပြီးဖြစ်လာတာတွေ့ရတယ်။ ပုံမှန်ဖျားနာတာတွေတော့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ကုန်ဈေးနှုန်းတွေမြင့်မားလာတာ၊ ရိက္ခာသယ်ယူဖို့ လမ်းကြောင်းတွေခက်ခဲတာနဲ့အလှူရှင်တွေသိသိသာသာ နည်းလာတာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ မကြာခဏကြုံနေရပါတယ်။
ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “ လမ်းကြောင်းက စစ်ကောင်စီဂိတ်တွေကို ဖြတ်ပြီး သယ်ဖို့က သိပ်မလွယ်တဲ့အနေအထားပေါ့။ တချို့နေရာတွေဆို စစ်ကြောင်းရှိတဲ့အခါမျိုး၊ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမျိုးဆိုရင် ရိက္ခာအလွယ်တကူသယ်ဖို့ ခက်ခဲတယ်” လို့ပြောပါတယ်။
စစ်ဘေးရှောင်တွေအထဲမှာ ကလေးသူငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေ အပြင် ကိုယ်ဝန်ဆောင်မိခင်တွေမှာအာဟာရပြတ်လပ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပြီး အရေအတွက်အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူက အခုလိုပြောပါတယ်။
“ စစ်ရှောင်တွေအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေများတယ်။ လူငယ်တွေထက်ပိုများတယ်။ကိုယ်ဝန်ဆောင်ကျရှိတော့ ရှိတယ်။ အရေအတွက်အတိအကျကတော့ မရှိဘူးလို့” သူကဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာ ဒေါနတနင်္သာရီရဲ့ အချက်အလက်တွေအရ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဦးရေ ၂၆၀၀၀ ကျော်ရှိပြီး အဓိက စစ်ဘေးရှောင်နေရတဲ့ နေရာတွေကတော့ ပုလော၊တနင်္သာရီနဲ့ လောင်းလုံမြို့နယ်တွေဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
တနင်္သာရီတိုင်းထဲရှိ ပုလောမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

သတင်း – နော်အယ်နီး
ဓါတ်ပုံ – ဒေါန–တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
Phar Si Than (People’s Radio Myanmar)