ဆီဆိုင်မြို့နယ်က စစ်ရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေ

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်၊ဒေသခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဆီဆိုင်မြို့နယ်က စစ်ရှောင်တွေမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးထံက သိရပါတယ်။စစ်ရှောင်စခန်းမှာ ဆန်၊ဆီ၊ဆား နဲ့ မိုးကာလိုမျိုး အခြေခံလိုအပ်ချက်တွေအပြင် ဆေးဝါးတွေလဲလိုအပ်နေပြီး တစ်ချို့မှာ စားစရိတ်ပြတ်လပ်နေသူတွေလဲရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာ တွေကိုခံစားနေရပြီး ထောက်ပံ့တဲ့ အဖွဲ့အစည်းလည်း မရှိသေးဘူးလို့သိရပါတယ်။

အခုစစ်ရှောင်တွေဟာ ပြန့်ကျဲနေတာဖြစ်တဲ့ အတွက် နီးစပ်ရာတွေကိုပဲ ကူပေးနေရတယ်လို့ အထက်ပါစစ်ရှောင်ကူညီသူတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။

“ ကျွန်တော်လည်း လက်လှမ်းမှီသလောက်ပဲ တနိုင်တပိုင်ပဲ လူမှုကူညီမို့ စစ်ရှောင်အားလုံးကို မသိဘူး ဆီဆိုင်မြို့အနီးအနားက တောထဲက စစ်ရှောင်တွေကို ကူပေးနေတာပါ” လို့ သူကပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဆေးဝါးကုသဖို့ အရေးပေါ်လိုအပ်လာတဲ့ လူနာတွေနဲ့ လက်နက်ကြီးမှန်သူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးနေရတယ်လို့ စစ်ရှောင်ကူညီသူကပြောပါတယ်။

“ ဒေသခံတွေကတော့ အကြောက်တရားပဲရနေတာပေါ့ အရေးပေါ်ဆို တောင်ကြီးမြို့နယ်ကဆေးရုံနဲ့ လက်နက်ကြီးမှန်သူတွေကိုတော့ အောင်ပန်းစစ်ဆေးရုံ ကို ပို့ကြရတယ်” လို့ သူကဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဟာ ဆီဆိုင်မှာတင်မဟုတ်ဘဲ ဟိုပုံး၊ပင်လောင်းနဲ့ ညောင်ရွှေ မြို့တွေထိပျံနှံ့လာပြီး စစ်ရှောင်ဦးရေ ၇၀၀၀၀ ကျော်ထိရှိလာကာ ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်နဲ့  ပြည်သူ့စစ်တွေက နေရပ်ကို ပြန်လွှတ်နေတယ်လို့ ဧပြီလ ၂၃ ရက်နေ့က သတင်းတွေမှာ ဖော်ပြလာပါတယ်။

သတင်း- Naw Drizzle ပုံ- လူမှုကွန်ရက်