ဆားလင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုကို မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ အညာပစ်တိုင်းတောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ သိရပါတယ်။

ဒီကနေ့ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းအချိန်ကစပြီး ဆားလင်းကြီးမြို့ပေါ်ကလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးကျေးရွာအုပ်စု၊ တုံကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စုက ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

“ထွက်ပြေးနေရတဲ့ ရွာတွေက ၁၀ ရွာကျော်တယ်။ စစ်ကောင်စီကစစ်ကြောင်းထိုးမှတော့ တောက်လျှောက် ရွာတွေတန်းစီပြီး ထွက်ပြေးရပြီပေါ့။ ဆားလင်းကြီးမြို့ပေါ်ကနေ အင်အား ၁၀၀ ကျော်နဲ့လာတာ”လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းက ရွာတွေထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီးနောက် လက်ရှိအချိန်မှာတော့ ဝဲကြီးရွာ၊ ဝဲကွဲရွာတွေဘက်ကို ရောက်နေတယ်လို့ ဓါမဆိုင်းတပ်မတော်က ကိုစွမ်းသူမောင်က ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့ ကလည်း ဆားလင်းကြီးမြို့နယ်ရှိ ဝဲကွဲရွာက နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအယောက် ၂၀ နီးပါးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများ