
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ကို KNU ကထိန်းချုပ်လိုက်နိုင်ပြီးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့မှာ အစစ်အဆေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့လောက်ကစပြီး ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်လိုက်နိုင်ပြီး ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အခုလို သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့ဝင် မြို့ထွက် လမ်းတွေမှာ ဂိတ်ချစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အရင်ကတော့ အဲ့ဒါတွေမရှိဘူး၊ ဂိတ်ချထားတယ်၊ သွားလာတာမစစ်ဘူး၊ ဒီ ၂ ရက်၊ ၃ ရက်လောက်မှာဘဲ စစ်တာတွေ ရှိနေတယ်၊ ဆိုင်ကယ်၊ ကား အကုန်လုံးစစ်တယ်၊ အထုတ်တွေ၊ ပစ္စည်းတွေ အကုန်လုံးကို စစ်တယ်” လို့ ဘုရားသုံးဆူမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က နေ့လည်ပိုင်းမှာ တစ်နေ့နှစ်ကြိမ် စစ်ကားနှစ်စီးနဲ့ ကင်းပတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဘုရားသုံးဆူမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“အခုမှပတ်တာ၊ အဲ့ဒီလိုမျိုးတွေတက်လာမှပတ်တာ၊ စစ်တပ်ကအခုမှ တစ်ရက်ဘဲရှိသေးတယ်ပတ်တာ၊ ကင်းပတ်တာကတော့ နှစ်စီး၊ လမ်းမလျှောက်ဘူး၊ ကားနဲ့ဘဲပတ်တာ၊ နေ့လည်ဘက်ကို နှစ်ကြိမ်လောက် ပတ်တယ်”ျ လို့ ဘုရားသုံးဆူမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ဘုရားသုံးဆူမြို့ကို KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ရေးအရ ထိန်းချုပ်လိုက်နိုင်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီး စစ်ကောင်စီတပ် လုံခြုံရေး ကင်းလှည့်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။
လက်ရှိအချိန် ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေပြီး လက်နက်ကြီးပစ်သံတွေလည်း မကြာခဏကြားနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ ဖပွန်မြို့ တွေမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်က လုံခြုံရေးကင်းလှည့်တာတွေကို နေ့တိုင်းလုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)