စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ချောင်းနှစ်ခွရွာဒေသခံ ၂ ဦးသေဆုံး


ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့က ချောင်းနှစ်ခွရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ မနက် ၁၁ နာရီက ချောင်းနှစ်ခွရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရပါတယ်။

အခုလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ခွကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ၁၀ နှစ် အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တစ်ယောက်က သေနတ်ထိပြီးသေတာ၊ တံတားနားကိုဖြတ်သွားရင်းနဲ့ထိတာ၊ တစ်ယောက်က ချောင်းနှစ်ခွရွာထဲက ကလေး အသက် ၁၀ နှစ်လောက်ဘဲရှိမယ်၊ လက်နက်ကြီးထိပြီးသေတာ၊ အခုလက်ရှိကတော့ငြိမ်နေပါတယ်” လို့ ချောင်းနှစ်ခွရွာဒေသခံတစ်ဦးက ပြောပါတယ်။

ချောင်းနှစ်ခွရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Saw Dragon Drone Force နဲ့ Lion Battalion Commando- ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ (၄) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ Saw Dragon Drone Force ကသတင်းထုတ်ပြန်ထားပါတယ်။

“ဒရုန်းနဲ့ထိပြီးသေတာက ၅ ယောက် ရဲစခန်းကတပ်သားတွေ၊ ပြည်သူတစ်ယောက်ကတော့ Sniper မိပြီးသေတယ်၊ သူတို့ဘက်ကသတင်းလွှင့်တာကတော့ ဒရုန်းဗုံးထိတယ်ပေါ့၊ တကယ်တန်းကတော့ သူတို့စနိုက်ပါမိပြီးရင်ဘတ်ပွင့်သွားတာ” လို့ Saw Dragon Drone Force က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အသက် ၃၀ အရွယ်အမျိုးသားမှာ အငြိမ်းစားဗိုလ်မှူးတစ်ဦးရဲ့သားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ ဖားစည်သံသတင်းအဖွဲ့ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ချောင်းနှစ်ခွရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ချောင်းနှစ်ခွ ကျေးရွာ၊ ခလယ်တံခွန်တိုင်ကျေးရွာနဲ့ နန်းသိုင်းထွန်ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – ကိုဖြိုး
ဓာတ်ပုံ – Saw Dragon Drone Force
Phar Si Than (People’s Radio Myanmar)