
ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက ပန်းပန်တဲ့ ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရပြီး အခုချိန်ထိမိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ ဇိနသုခကျောင်းရှေ့မှာ စစ်ကောင်စီတပ်က ဂိတ်ချထားပြီး ပန်းပန်လာသူနဲ့ ပန်းကိုင်ဆောင်လာသူ အမျိုးသား အမျိုးသမီး ၁၃ ဦးကိုဖမ်းဆီးခဲ့တာပါ။
လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူ ၁၃ ဦးကို ကော့ကရိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိအချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“ဇိနသုခကျောင်းရှေ့မှာဖမ်းတာ၊ ပန်းပန်ထားတာလည်း မရဘူး၊ ပန်းပန်သူမှန်သမျှအမေးမြန်းမရှိ စွဲစိတယ်၊ လက်မှာကိုင်ထားလည်းမရဘူး၊ ယောကျာ်းလေး ၅ ယောက် မိန်းကလေး ၈ ယောက် အာလုံး ၁၃ ယောက်၊ အခုအချုပ်ခန်းထဲမှာထည့်ထားတယ်၊ အဆက်သွယ်လည်းမရဘူး၊ မိသားစုလည်းတွေ့ခွင့် မရဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဇိနသုခကျောင်းတိုက်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ဆိုင်ကယ်မောင်းခွင့်မပေးဘဲ ဆိုင်ကယ်ဖြတ်မောင်းပါက ပါးရိုက်တာတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပန်းပန်တဲ့လူတွေလည်း ဖမ်းခံထိတယ်၊ အဲ့ဒီ ဇိနသုခကျောင်းရှေ့မှာ၊ အဲ့ဒီကျောင်းရှေ့ရောက်ရင် ဆိုင်ကယ်ပေးမမောင်းတော့ဘူး၊ တွန်းသွားရတယ်၊ မတွန်းဘဲမေ့ပြီးမောင်းသွားရင် ပါးရိုက်တယ်၊ ပါးရိုက်ပြီး ပေးမသွားဘဲ မတ်တပ်ရပ်ခိုင်းတယ်၊ ပေးမသွားဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ကာ မွေးနေ့ပွဲကို ဂုဏ်ပြုပြီး ပန်းသပိတ်ပြုလုပ်သူတွေကို စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ လိုက်လံဖမ်းဆီးနေ တာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)