ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ လက္ကူးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ပုလောမြို့နယ်အခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ လက္ကူးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ၂၃ နှစ်အရွယ် ကိုမြတ်ဖြိုးဝေ လက်နက်ကြီးကျည်ထိကာ ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံကဆိုပါတယ်။

“၂၈၅ တပ်ရင်းကနေ လက်နက်ကြီးပစ်တာက နေ့တိုင်းလိုလိုပါဘဲ့။ ကျနော်တို့ ရွာဘက်ကိုတော့ အမြဲလိုလိုလက်နက်ကြီးထုတာ။ ကလေးကတော့ ဗိုက်ပွင့်ထွက်ပြီး နေရာမှာတင် ပွဲချင်းပြီးဆုံး သွားတယ်” လို့ သူကအခုလိုပြောပါတယ်။

အလားတူ စစ်တပ်ရဲ့ လက်နက်ကြီးရမ်းပစ်မှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ခင်အေးဆိုသူကတော့ ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်ထိတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ အသက် ၈နှ စ်အရွယ် ကလေးမှာလည်း လက်နက်ကြီးကျည်စထိမှန်ခဲ့တယ်လို့  ပုလောမြို့နယ် ဒေခံကပြောပါတယ်။

“ဒေါ်ခင်အေးကတော့ ဗိုက်မှာထိတာ။ သူ့သားမှာပါ ကျည်စသွားစင်တယ်လေ။ နောက်ပြီး လက်နက်ကြီးကျတဲ့ လယ်ကွင်းပြင်မှာရှိတဲ့သူ တော်တော်များ လက်နက်ကြီးကျည်ထိကြတယ်။ ဒဏ်ရာရတာ အနည်းနဲ့ အများဘဲကွာတယ်” လို့ သူကဆက်ပြောပါတယ်။

အခုလက်ရှိ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရသူတွေက ပုလောဆေးရုံမှာ ဆေးကုသမှု ခံယူနေပေမယ့် စစ်တပ်က လက်နက်ကြီးဒဏ်ရာနဲ့ ဆေးကုသမှုလာခံယူတဲ့ သူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ကဒဲရွာက လက်နက်ကြီးကျည်ထိလို့ ဆေးကုသမှုခံယူနေတဲ့ ဒေသခံနှစ်ဦးကို စစ်တပ်က ဆေးရုံမှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “ဆေးဝါးကုသဖို့က တော်တော်ခက်ခဲလိမ့်မယ်။ လက်နက်ကြီး ကျည်ထိဒဏ်ရာတွေကို စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ဆေးရုံတွေက ဆေးဝါးကုသခွင့် သိပ်မပေးဘူး။ ဆေးရုံမှာ စစ်သားတွေတပ်စွဲထားတယ်လေ။ လက္ကူးရွာအနားမှာရှိတဲ့ ပလဆေးရုံမှာလည်း စစ်သားတွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်က ကဒဲရွာမှာ လက်နက်ကြီးထိတဲ့ လင်မယားနှစ်ယောက်ကို ဆေးရုံမှာ ဒဏ်ရာ ရနေတဲ့အချိန်မှာ စစ်တပ်ကလာဖမ်းသွားတာ” လို့ သူကအခုလိုပြောပြပါတယ်။

ပုလောမြို့နယ်၊ ပလမြို့၊ ကျောက္ကာရွာအနီးရှိ ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောကနေ လက္ကူးရွာ၊ ပြင်းထိန်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လေ့ရှိပြီး အဆိုပါ စစ်သင်္ဘောက ရေလုပ်ငန်းလုပ်တဲ့ စက်လှေတွေဆီမှာလည်း စက်ကြေးကောက်ခံတာတွေရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ ပုလောမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေ ငြိမ်သက်နေပေမယ့် စစ်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်း၊ တိုတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်တပ်အထိုင်တပ်တွေနဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေက နေ့တိုင်းနီးပါးရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်အုပ်ချုပ်ရေးဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ ၃၀ ကျော်အထက် သေဆုံးတာတွေရှိပြီး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)