စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တံခွန်တိုင်ကျေးရွာက ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရ

ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦးကျည်ထိမှန် ဒဏ်ရာရှိခဲ့တယ်လို့​ဒေသခံတွေထံမှသိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ အဘစ်ရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ ၃၁၈ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တံခွန်တိုင်ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့တာကြောင့်  အသက် ၁၆ နှစ်ဝန်းကျင်အရွယ် ယောင်္ကျားလေး ၂ ဦး ခါးနဲ့ လက်မှာလက်နက် ကြီးကျည်ထိမှန်ခဲ့တယ်လို့ တံခွန်တိုင်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ပစ်တာက ၅ လုံး၊ ပထမနှစ်လုံးပဲကွဲသံကြားရတယ် ၃ လုံးက ထွက်တဲ့အသံပဲကြားတယ် ကွဲသံမကြားဘူး ထိတဲ့ရပ်ကွက်က ရပ်ကွက် ၅ ကုလားပိုင်းက ယောင်္ကျားလေးသက်သက်ပဲ ၁၆၊ ၁၇ အရွယ်လောက်တွေ၊ တစ်ယောက်ကလက်ရှပ်ထိတာပဲ”လို့ သူကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးမှာ တောင်ဒီးဆေးရုံမှာဆေးကုသမှုခံယူနေပြီး ခါးဒဏ်ရာရရှိသူမှာလည်း အခြေနေစိုးရိမ်ရတယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ၂၀ ရက်နေ့မနက်ပိုင်းအချိန်မှာလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကြားအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူအတွင်း နယ်မြေစိုးမိုးမှုရယူထားတဲ့ KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF နဲ့ နဂါးနီစစ်ကြောင်းရဲ့တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ နယ်မြေစစ်ရေးအခြေနေအရ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်က တံခွန်တိုင်ကျေးရွာအတွင်းကို နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်းက နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါ သေးတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)