စစ်ဘေးရှောင်ရန်ပုံငွေအတွက် မဲဆောက်မြို့မှာ ပန်းချီပြပွဲ ပြုလုပ်

ဖေဖော်ဝါရီ၊ ၃
ပြည်တွင်းပြည်ပပန်းချီပညာရှင်တွေ ပူးပေါင်း ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Borderline Art Gallery မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဆယ်ရက်ကြာ ခင်းကျင်းပြသထားပြီး ဝယ်ယူနိုင်တယ်လို့ ကျင်းပရေးကော်မတီတွေထံကနေ သိရပါတယ်။
” အာဏာသိမ်းထားတဲ့ကာလမှာ ပုံစံအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကို ကူညီထောက်ပံမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကျင်းပတာ ဖြစ်တယ်” လို့ ပွဲစီစဉ်သူ ကိုဒေးဗစ်က People’s Radio Myanmar ကို ပြောပါတယ်။
ပြခန်းမှာ ပြသထားတဲ့ ပန်းချီတွေကို ပြည်တွင်းပြည်ပမှာရှိတဲ့ ပန်းချီပညာရှင်တွေနဲ့ တက်သစ်စပန်းချီဝါသနာပါသူတွေက လူမျိုးစုဆိုင်ရာပန်းချီကားချပ်တွေ၊ ခေတ်ပေါ်ပန်းချီကားချပ်တွေ၊ လူမှုဘဝဆိုင်ရာပန်းချီ ကားချပ်တွေ ရေးဆွဲထားတဲ့အပြင် ဝါသနာရှင်လူငယ်တွေ ရေးသားထားတဲ့ ကဗျာတွေကိုလည်း ပြသထားပါတယ်။
ပန်းချီကားချပ်အမျိုးအစားအပေါ်မူတည်ကာ တချပ်ကို ထိုင်းဘတ်ငွေငါးရာကနေ ထိုင်းဘတ်ငွေ ၅၆၀၀၀ အထိ ဈေးသတ်မှတ်ထားပါတယ်။
ပန်းချီကားချပ်ရဲ့ ရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့မှု ပြုလုပ်သွားမှာဖြစ်ပြီး ကျန်တဲ့ လေးဆယ်ရာခိုင်နှုန်းကို ပန်းချီပညာရှင်တွေနဲ့ အဖွဲ့အစည်းရန်ပုံငွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ကျင်းပရေးကော်မတီက ဆိုပါတယ်။
အဲဒီပန်ချီးပြပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ Borderline Art Gallary မှာ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီကနေ ည ၉ နာရီအတွင်းမှာ လာရောက်ကြည့်ရှု့ဝယ်ယူနိုင်သလို ပြည်တွင်းပြည်ပမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ပန်းချီကားချပ်တွေကို ဝယ်ယူလိုပါက Federal Art Space Facebook Page Messenger မှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
Federal Art Space အဖွဲ့က စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းမှာရှိတဲ့ ပန်းချီပညာရှင်တွေ၊ ပန်းချီဝါသနာရှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တခုဖြစ်ပြီး အဲဒီအဖွဲ့က အခုတကြိမ်အပါအဝင် သုံးကြိမ်မြောက်ပန်းချီပြပွဲပြုလုပ်ထားပြီး ရောင်းရငွေတွေကို စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – PRM