
ဇန်နဝါရီလ ၂၆ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်ဒုရုန်းနဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူ နေအိမ်၂လုံးထပ်မံမီးလောင်ခဲ့တယ်လို့ KNLAသတင်းအရင်းမြစ်တွေဆီကနေသိရပါတယ်။
ဇန်နဝါရီလ ၂၅ရက်နေ့မနက်၁၁နာရီဝန်းကျင်အချိန်မှာ စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အမှတ်(၇) ရပ်ကွက်မှာရှိတဲ့ နေအိမ်၂လုံးထပ်မံမီးလောင်ခဲ့သလို ဇန်နဝါရီလ ၂၂ရက်နေ့ကနေ အခု၂၅ရက်နေ့ထိကို၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNLAသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“လောင်တာက၂အိမ်လောင်သွားတာ စကစက ဒရုန်းချလို့ လောင်သွားတာ အမှတ်၇ ရပ်ကွက်က၊ တိုက်ပွဲကဖြစ်နေတာတော့၃ရက်ရှိသွားပြီးအခုမှထဖြစ်တဲ့တိုက်ပွဲတော့ ဒီနေ့ဖြစ်တဲ့အချိန်ကိုတော့ မမှတ်ထားမိဘူးတိုက်ပွဲကတော့၂၂ရက်နေ့မနက် ၈နာရီကနေစဖြစ်တာခုချိန်ထိပဲ”လို့သူကပြောပါတယ်။
အမှတ်(၇)တံတားဦးရပ်ကွက်အတွင်း ဇန်နဝါရီလ ၂၅ရက်နေ့မနက် ၁၁နာရီနာရီဝန်းကျင်အချိန်က အရပ်သားပြည်သူနေအိမ်မီးလောင်တာမျိုးရှိပေမဲ့ သွားမကြည့်ရဲကြတာကြောင့် အတိအကျမသိရှိရ သေးပါတယ်။
ကော့ကရိတ်မြို့မှာလည်း မြို့တွင်းလာရောက်ပြန်လည်နေထိုင်သူတွေလည်းရှိနေသလို ပစ္စည်းလာပြန်သယ်ယူသူတွေလည်းရှိနေပြီး ဇန်နဝါရီလ ၂၄ရက်နေ့ညပိုင်းအချိန်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“လောင်တာကတံတားဦးမှာလောင်တာ မနက်၁၁ လောက်ကအလုံးရေတော့မသိရဘူး အဲ့ဘက်ကို ဘယ်သူမှမသွားရဲကြလို့မနေ့ကတော့ထိတ်တိုက်တိုက်ပွဲလေးနည်းနည်းတော့ရှိတယ်၊ပြန်တဲ့သူတွေလည်းရှိတယ် အိမ်မီးလောင်မှာကြောက်လို့ ပြန်စောင့်ကြတာ တစ်ချိုု့ကပစ္စည်းပြန်သယ်ကြတယ် ရှေ့နှစ်ရက်ကဆိုမြို့ထဲပြန်ပြီးနေကြတယ် တိုက်ပွဲပြန်ဖြစ်တော့ပြန်လာကြတယ် သွားလိုက်လာ လိုက်ပဲ”လို့ဆိုပါတယ်။
ဒါ့အပြင်ဇန်နဝါရီလ ၂၁ရက်နေ့ကလည်း ရှို့မီးကြောင့် ကော့ကရိတ်မြို့အမှတ်၅ရပ်ကွက် ရတနာလမ်း ကျူလီယာတန်းမှာရှိတဲ့ ဒေသခံတွေအိမ်တွေမီးလောင်ကျွမ်းခဲ့ရာ စစ်တပ်ဘက်မှမီးသတ်ဦးစီးဌာနကို မီးငြိမ်းသတ်ခွင့်မပြုတာ ၊ မီးငြိမ်းဖို့လူအင်အားလည်းမရှိတာကြောင့် အိမ်ပေါင်းအလုံး၅၀လောက် မီးလောင်ကျွမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ကော့ကရိတ်မြို့မှာတိုက်ပွဲဖြစ်ပွားတာတစ်လကျော်ကြာမြင့်နေပြီး အခုလိုတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ အကြောင်းမဲ့ပစ်ခတ်တာတွေကြောင့် အရပ်သား ပြည်သူ၂၀ဦးထပ်မနည်း သေဆုံးခဲ့သလို နေအိမ်အလုံး၂၀၀ ကျော်လည်းမီးလောင် ပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၂၀၀၀၀ကျော် ဟာလည်း မြဝတီမြို့၊ဘားအံမြို့ နဲ့ဘေးလွတ်ရာအနီးအနားကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)