
ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အဖျက်လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တောင်ဘက်ပိုင်းမှာရှိတဲ့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ အစပိုင်းလောက်ကစတင်ပြီး ကျေးရွာဆက်လမ်းတွေကိုဖျက်ဆီးတာ၊ ကျေးရွာထဲလက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
အခုလိုဖျက်ဆီးတာတွေကိုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ်လောက်မှာလည်း ကော့ကရိတ်တောင်ဘက်ပိုင်းမှာရှိတဲ့ စံဖလားကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“၁၃ လုံးကြဲတာ၊ ၁၂ လုံးကွဲတယ်၊ ၁ လုံးက ဒီအတိုင်းကျန်နေတာ၊ မကွဲဘူး၊ စာသင်ကျောင်း ပတ်ပတ်လည်ကိုကြဲတာ၊ အနားက နေအိမ်တွေထိတယ်၊ လူတွေတော့ဒဏ်ရာမရဘူး၊ အိမ်တွေက ကျည်စမှန်တာ၊ ညဘက်ဆိုတော့ကျောင်းမှာလူမရှိဘူးလေ၊ ကျောင်းတော့ပျက်စီးသွားတယ်” လို့ စံဖလားကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီလောက်ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“ခနိမ့်မူမှာတိုက်ပွဲဖြစ်တာ၊ မနက် ၉ နာရီကျော်လောက်စတာ၊ ၁၁ နာရီလောက်မှာနားကြတာ၊ အခုလည်း ၉၇ ကနေ လက်နက်ကြီးနဲ့ပစ်တာကြားရတယ်၊ အသံအကျယ်ကြီးဘဲ၊ လူထိတာတော့မကြားသေးဘူး၊ အပြင်လည်းမထွက်ရဲဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က အခုလို ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေကို ဖျက်ဆီးရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေရဲ့ နေ့စဥ်စားဝတ်နေရေးနဲ့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အပြင် ကျေးရွာဆက်လမ်းတွေကို ဖျက်ဆီးထားတာကြောင့် သွားလာရေးနဲ့ ရိက္ခာဝယ်ယူရေးတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)