
ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်မြို့မှာရှိတဲ့ ခလရ ၉၇ တပ်ရင်းကို မေလ ၈ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။
အခုလို ခလရ ၉၇ တပ်ရင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးနဲ့ပတ်သတ်ဖူးသူ၊ CDM ပြုလုပ်သူတွေနဲ့ ပရဟိတပြုလုပ်သူ အယောက် ၄၀ ကျော်ဖမ်းဆီးခဲ့ပြီး တစ်ချို့သာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ကော့ကရိတ်မြို့ထဲမှာ ဒေသခံပြည်သူတွေကို ထပ်မံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“အရင်ဖမ်းခံထိတဲ့လူတွေထဲက တစ်ချို့လူတွေဘဲ ပြန်လွတ်လာသေးတယ်၊ အခုအသစ် ၄ ယောက် ထပ်ဖမ်းတယ်၊ ညနက်မှ အိမ်ပေါ်တက်ဖမ်းခံရတာ၊ ၅ရက်လောက်ရှိပြီး၊ အဖမ်းခံရတဲ့ဦးကြီးတွေနဲ့ သူတို့သား ၂ ယောက်ကို ထောက်ပို့လို့စွပ်စွဲထားတယ်၊ အသက်က ၆၀ ကျော်နေပြီး ထောက်ပို့ လုပ်နိုင်လားမစဥ်းစားဘူး၊ အခုသူတို့မိန်းမတွေကိုလည်း စစ်ဖို့လုပ်နေတယ်၊ ဖမ်းတယ်ဆိုထဲက ငွေညှစ်ဖို့ဘဲ” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ထဲမှာ အရင်ကထက်အစစ်အဆေးတွေတင်းကြပ်နေပြီး ဖုန်းအသုံးပြုကာ သတင်းကြည့်တာတွေ့ရင် ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
“EPC ရုံးနားမှာ တစ်ရက်ခြားတစ်ခါလောက်စစ်တယ်၊ မြို့ထဲမှာလည်းအမြဲစစ်နေတယ်၊ သူတို့ကိုမြင်ရင် ပတ်ပြေးနေရတယ်၊ ဘာမှမပါလည်း၊ ကြောက်လို့၊ ဖုန်းထဲမှာတို့ TV မှာတို့ ကို့အိမ်မှာ သတင်းတွေ ကြည့်လို့မရဘူး၊ ကြည့်တာနဲ့ဖမ်းတယ်၊ သတင်း share တာကိုပြောတာမဟုတ်ဘူး၊ သတင်းကြည့်တာနဲ့ ဖမ်းတယ်၊ လမ်းမပေါ်မှာ ဖုန်းတစ်ကိုင်ကိုင်နဲ့သွားလို့မရဘူး၊ တွေ့တာနဲ့ဖမ်းတယ်” လို့ ကော့ကရိတ်မြို့ မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောက်စီတပ်က နိုင်ငံရေးကြောင့် ထောင်ချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေကို စောင့်ကြည့်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေတင်းကြပ်နေတဲ့အပြင် ကော့ကရိတ်မြို့နဲ့ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ဒေသခံပြည်သူ ဒဏ်ရာရရှိတာတွေ ၁၀ ယောက်ထက်မနည်းရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)