ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ပြန်လည်တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေမှာပြန်လည်ပြောင်းရွှေ့နေကြပြီး အခုလက်ရှိအချိန်မှာလည်း အိမ်ငှားခတွေဈေးမြင့်တက်နေတာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေသိရပါတယ်။
ဇူလိုင်လ ၄ရက်နေ့မှာ စစ်တပ်ကမြို့တွင်းပြန်လည်တပ်စွဲနေထိုင်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေမှာဘားအံမြို့ဘက်ကို ပြောင်းရွှေ့နေကြပြီး ဘားအံမြို့မှာ အရင်က ၁သိန်းပေးငှားရတဲ့နေအိမ်ကို အခု၁သိန်းခွဲပေးရသလို တချို့မှာလည်း အိမ်ငှားမရတာကြောင့် ကော့ကရိတ်မြို့မှာ ပြန်လည်နေထိုင်ရတာမျိုးလည်းရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“အရင်ကတစ်သိန်းဆို အခုတစ်သိန်းခွဲယူကြတယ် တချို့နေရာဆို ၃လစာကြိုပေးခိုင်းတယ် မပေးရင်မငှားပေးဘူး တချို့တွေကျတော့လည်း ဈေးမတက်ဘူး ဒါပေမဲ့မိသားစုများရင်လက်မခံဘူး ရှိတဲ့အိမ်တွေကျတော့လည်း ဈေးကြီးလို့ မငှားတိုင်တော့ ကော့ကရိတ်မှာပဲပြန်သွားကြတဲ့သူတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ကာလ ကြာမြင့်လာရင် နေထိုင်စာသောက်ရေးအတွက်အခက်အခဲကြုံလာနိုင်သလို လက်ရှိအချိန်မှာတော့ အရင်ကစစ်ရှောင်ခဲ့တဲ့ သာမည၊ ကော့ကဒါ ၊နောင်လုံ နဲ့ ဘားအံမြို့တွေမှာရှောင်ကြတယ်လို့သိရပါတယ်။
ကော့ကရိတ်မြို့ အရောင်းအဝယ်လုပ်ကိုင်ကြသူတွေကတော့ ကျုံဒိုးမြို့ကိုပြောင်းရွှေ့ကာ အရောင်းအဝယ်လုပ်ကိုင်ကြပြီး ကော့ကရိတ်မြို့မှာလည်း လက်နက်ကြီးတွေ နေ့ရောညပါပစ်ခတ်နေတာကြောင့် မြို့တွင်းလူမရှိသလောက်ပဲလို့ မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“အထူးဖြင့် ကုန်စုံဆိုင်သမားတွေပေါ့ ဖောက်သယ်ကကျုံဒိုးထိလာနိုင်တော့ ဆိုင်ကို ရွှေ့ကြတာပေါ့ မနေ့ကဆိုလမ်းပေါ်မှာလူတွေကမရှိသလောက်ပဲ စပြောင်းကတည်းကိုက ကားငှားတာနဲ့ အိမ်ငှားရတာနဲ့ အိမ်ငှားခကလည်းဈေးကြီးတယ်လိုချင်တိုင်းမရနိုင်ဘူး ရှောင်တဲ့လူတွေကလည်းအရင်ကရှောင်ခဲ့တဲ့ စစ်ရှောင်ရွာတွေမှာပြန်ရှောင်ကြတာ လည်းရှိတယ်”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ကော့ကရိတ်မြို့မှာစစ်တပ်နဲ့ KNLAပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ၂၀၀၀၀ ကျော်စစ်ရှောင်ခဲ့ရသလို တိုက်ပွဲအတွင်းမှာလည်း ဒေသခံ၃၀ဦးခန့်သေဆုံးခဲ့တာ၊ ၅၀ခန့်ဒဏ်ရာရရှိတာနဲ့ နေအိမ် အလုံး၆၀၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့တယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
Phar Di Than (People’s Radio Myanmar)