ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ

အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး၊ ကော့နွဲ့ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ ညနေ ၅ နာရီလောက်ကစပြီး ကော့နွဲ့ကျေးရွာအနီး ရေကူးကန်နားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား ၃နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ အာရှလမ်းမဘက်ကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး လူထိတာမျိုးမရှိခဲ့ဘူးလို့ ကော့ကရိတ်မြို့ဒေသခံတေဃက ဆိုပါတယ်။

” ညနေ၅နာရီလောက်ကစပြီး တိုက်ပွဲဖြစ်တာ၊ ၈ နာရီလောက်မှ သေနတ်သံတွေတော့ ငြိမ်သွားတယ်၊ လက်နက်ကြီးကတော့ အာရှလမ်းမဘက်ကိုပစ်တယ်၊ လူထိတာမျိုးတော့မရှိပါဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတဲ့​နောက်ပိုင်းမှာလည်း ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ လေယာဥ်ပျံဝဲတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ကော့နွဲ့၊ချောင်းတောင်၊ တောင်ကြာအင်း၊အံဖကြီးနဲ့ ကြောင်လျှာကုန်းကျေးရွာအပါအဝင် အာရှလမ်းဘက်တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

” လက်ရှိအခြေအနေကတော့ ဒီကောင်တွေလည်း ရှေ့တန်းမှာရှိနေတယ်၊ ကျွန်တော်တို့လည်း လက်ရှိ ပွဲကဖို့ပြင်ဆင်နေတယ်၊ အခုကျွန်တော်တို့ လူတွေက အာရှလမ်းမတစ်ဝိုက်နဲ့ ကော့နွဲ့တစ်ဝိုက်က ရှေ့တန်းမှာ အဆင်သင့်ရှိနေပါတယ်၊ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်ပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊သံတောင်ကြီးနဲ့ ဘုရားသုံးဆူမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than (People’s Radio Myanmar)