
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တံတားဦးကျေးရွာနားမှာ ပြောက်ကျားပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီလောက်ကလည်း တံတားဦးကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ချောင်းတောင်ကျေးရွာရှိ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ည ၇ နာရီလောက်မှာ သေနတ်တွေနဲ့ပစ်တယ်၊ ၉၇ ကနေလည်း လက်နက်ကြီးတွေနဲ့ ထုတယ်၊ သူတို့ထုလို့ ချောင်းတောင်ဘက်မှာ အိမ်တစ်လုံးပျက်စီးတယ်၊ ကားတစ်စီးလည်း ပျက်တယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာတွေမရှိပေမဲ့ ကောင်းမှုကျေးရွာနဲ့ တောနော်ရေတံခွန်ဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ကအမြဲတမ်းပစ်တယ်၊ တောနော်ဘက်ကိုပစ်တယ်၊ ပြီးရင်ကောင်းမှုဘက်ကိုပစ်တယ်၊ ရမ်းသမ်းပြီးတော့ လိုက်ပစ်နေတာပေါ့နော်၊ ညတိုင်းဆိုတာထက် မနက်၊ နေ့၊ ည မမှန်တော့မမှန်ဘူး၊ သူတို့နေ့စဥ်ပုံမှန်ပစ်တယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ သူတို့လှမ်းပစ်တာ ရွာသားအဖွားကြီးတစ်ယောက်ကို ထိသွားတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲက ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ၅ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကာ လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)