
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊လှိုင်ဝကွက်သစ်ရှိ နေအိမ် ၃၀ နီးပါး ထပ်မံမီးလောင်ပျက်ဆီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်တွေ မကြာခဏမီးလောင်ပျက်စီးနေပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည၁၁ နာရီလောက်ကလည်း လှိုင်ဝ ကွက်သစ် ၄ လမ်းမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၄လမ်း၊ ၅လမ်း၊ ၆လမ်းနဲ့ ၇လမ်းက နေအိမ်အလုံး ၃၀ နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
” ၁၁ နာရီလောက်ကဖြစ်တာဘဲ၊အိမ်ခြေ ၃၀ လောက်တော့ ပါမယ်၊၅လမ်း၊၆လမ်း၊၇လမ်း၊အဲ့ဒီလမ်း ၃ ကြောင်းပေါ့နော်၊အဲ့ဒီကအိမ်တွေ ဆက်တိုက်မီးလောင်သွားတယ်၊ငြိမ်းမဲ့သူမှမရှိတာ၊ video ရိုက်ပြီးတင်တဲ့သူတော့ရှိတယ်၊ ဒါပေမဲ့ငြိမ်းလို့မရဘူး၊” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အခုလို မီးလောင်တာဟာ ရှို့မီးကြောင့်လောင်တာဖြစ်တယ်လို့ မြို့ခံတွေကပြောနေကြပေမဲ့ ဘယ်အဖွဲ့ကမီးရှို့ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
အခုလို မီးမလောင်ခင်ညတွေက မြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့ညမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေမရှိသလို စစ်တပ်ဘက်ကနေလည်း လက်နက်ကြီးပစ်ခတ်တာမျိုးမရှိခဲ့ဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက ” ညကမပစ်ဘူး၊အရင်ညတွေက ပုံမှန် မှောင်တာနဲ့ စစ်တပ်ကနေ လက်နက်ကြီးပစ်တယ်၊ တိုက်ပွဲသံတွေလည်းကြားရတယ်၊ ညကတော့လက်နက်ကြီးသံတွေ တိုက်ပွဲသံတွေမကြားရဘူး၊” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်မှာလည်း စစ်တပ်ရဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေသလို တိုက်ပွဲဖြစ်ပွားတဲ့အသံတွေကြားနေရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၆ရက်နေ့အထိ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားတာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ် အလုံး ၁၀၀ နီးပါး မီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)