ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ရွာသုံးရွာက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွား

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်က ရေဖြူမြို့နယ်ထဲရှိ ရွာသုံးရွာက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်ကာ အိမ်တွေကိုလည်း ရိုက်ဖြိုဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဝဇွမ်းတော၊ ရလိုင်၊ ဧကနိ စတဲ့ကျေးရွာတွေက နေအိမ်တွေကို နေအိမ် ၁၉၀ကျော်ကို ဖောက်ထွင်းပြီး ရိုက်ဖြိုဖျက်ဆီးခဲတယ်လို့ ဒေသခံကပြောပါတယ်။

“သူတို့က အိမ်တံခါးတွေကို ရိုက်ဖျက်ပြီး အိမ်ထဲမှာရှိတဲ့ အသုံးဆောင် တွေလည်းယူသွားတယ်။ တချို့အိမ်တွေဆို ရွှေတွေရော၊ ပိုက်ဆံတွေပါ ပါသွားတယ်။ မှတ်ပုံတင်တွေလည်းယူသွားတယ်။ သုံးရွာပေါင်းဆိုတော့ ၁၉၀ ကျော်၊ ၂၀၀ နီးပါးလောက်ရှိတယ်” လို့ သူကအခုလို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့မှာ တပ်ပြန်ဆုတ်သွားပြီး စစ်ကြောင်းထိုးနေတဲ့ ၁၀ ရက် တာအတွင်း ဒေသခံ ၅၀ နီးပါးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး တချို့ကိုတော့ အမျိုးသမီးတွေကို ချက်ချင်းပြန်လွှတ်ပေးကာ အမျိုးသားတွေကိုတော့ စစ်ကြောင်းတစ်လျှော်ကခေါ်ဆောင်နေတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့လူတွေထဲက ၁၁ ဦးကိုတော့ ရေဖြူမြို့နယ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူကပြောပါတယ်။

“၁၇ ရက်နေ့က လဲရှောင်က သုံးယောက်ကို ထပ်ဖမ်းတယ်။ ပြီးတော့ အရင်ရက်တွေက ဖမ်းတဲ့ ၈ ယောက်ရယ်၊ အဲ့ဒီသုံးယောက်ကိုတော့ ရဲစခန်းကိုခေါ်သွားတယ်” လို့ သူကဆိုပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံတစ်ဦး ထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့ လိုက်လံပစ်ခတ်တဲ့အချိန် ဒေသခံ ၄ ဦးကျည်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံကနေ သိရပါတယ်။

“ကျည်ထိတာက ၄ ယောက်ရှိတယ်။ ဖမ်းထားတဲ့သူကထွက်ပြေးလို့ လိုက်ပစ်တာ။ လိုက်ပစ်တဲ့အချိန် လမ်းမှာသွားလာနေတဲ့ လူသုံးယောက်ပါထိတာ။ နှစ်ယောက်တော့ ဒဏ်ရာပြင်းထန်တယ်” လို့ သူကအခုလိုပြောပါတယ်။

ကျည်ထိဒဏ်ရာရရှိတဲ့သူတွေက ဖမ်းဆီးရာက ထွက်ပြေးခဲ့တဲ့ ဒေသခံအပါအဝင် ရေဖြူမြို့ပေါ်က မသွယ်သွယ်ဝင်း၊ ကျောက်ထောက်ရွာက မနန္ဒာနဲ့ ရေဖြူမြို့ပေါ်က အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အခုလက်ရှိအချိန်မှာတော့ ကျည်ထိမှန်ဒဏ်ရာရထားတဲ့သူတွေက ဆေးကုသမှုခံယူနေရတယ်လို့ စစ်ရှောင်ရေးကူညီနေသူက ပြောပြပါတယ်။

“တစ်ယောက်က ပေါင်မှာထိပြီး၊ တစ်ယောက်က ဆီးခုံမှာထိတာ။ သူတို့ကိုတော့ ဆေးရုံကြီးကို ပို့လိုက်တယ်လို့ သိရတယ်။ ဒဏ်ရာကပြင်းထန်တယ်” လို့ သူကဆက်ပြောပါတယ်။

ရေဖြူမြိုနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက မြိတ်မြို့အခြေစိုက် ခလရ (၁၀၃)၊ ထားဝယ်အခြေစိုက် ခလရ (၁၀၄)၊ ရေဖြူမြို့နယ်အခြေစိုက် ခမရ (၄၀၆)၊ အမတ (၃၀၄)၊ ကလိန်အောင်မြို့အခြေစိုက် ခမရ (၄၀၈)၊ ခမရ (၄၀၉)၊ ခမရ (၄၀၇) တပ်တွေက ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

စစ်ကြောင်းထိုးနေတဲ့ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်က မိုင်းနင်းမိလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်ရဲ့ telegram channel တစ်ခုမှာ ဖော်ပြထားပေမယ့် ကျမတို့ People’s Radio Myanmarအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ရေဖြူမြို့နယ်မှာ နေအိမ် ၁၆ ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး ကျည်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိ စစ်ကောင်စီတပ်သားတွေက ရေဖြူဘက်ကနေ မြိတ်မြို့ဘက်ကို တပ်ပြန်ဆုတ်သွားပေမယ့် နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ခန်းမှာတော့ အင်အားတွေ ထပ်ဖြည့်တင်းနေတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်အယ်နီး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)