တိုက်ပွဲတွေဖြစ်များလာတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ ၃၅,၀၀၀ ကျော်အထိရှိလာ

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်

စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေဖြစ်များလာတာကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃၅,၀၀၀ ကျော်ရှိလာတယ်လို့ ဒေါနတနင်္သာရီရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ထားဝယ်ဒေသ အရှေ့တောနယ်မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့က ဝကုန်းကျေးရွာထဲကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် အနီးနားရွာတွေဖြစ်တဲ့ သင်္ကန်းတုံး၊ ဘဝပင်၊ ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင် စတဲ့ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဖြူမြို့နယ်မှာတော့ နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းတဝိုက်ကို စစ်တပ်က ဩဂုတ်လ ၈ ရက်နေ့ကပြီး စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် ရွာပေါင်း ၁၅ ရွာမှာ ဒေသခံပြည်သူ ၈၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

စစ်ကြောင်းတွေက ပြန်လည်ထွက်ခွာသွားတာကြောင့် အရှေ့တောနယ်ဒေသနဲ့ ရေဖြူမြို့နယ်အတွင်း နေရပ်ပြန်သူတွေရှိနေပေမယ့် အဲ့ဒီထဲက ပြည်သူ ၃၅၀၀ ကျော်ကတော့ စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်တာ၊ လူသားဒိုင်းတွေအနေနဲ့ ဖမ်းဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို မတရားသတ်ဖြတ်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာ တွေကို လုပ်ဆောင်ခဲ့တာကြောင့် သရက်ချောင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာတော့ စစ်ရှောင်ဦးရေ ၂၂,၂၀၀ ကျော်ရှိနေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူထံကနေသိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ တိုက်ပွဲတွေဖြစ်များလာတာကြောင့် အရေးပေါ်စစ်ရှောင်နေရတဲ့ စစ်ဘးရှောင်တွေအနေနဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေပြီး စစ်ရှောင်စခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် လစဉ်စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

“စစ်ရှောင်ကတော့ နှစ်မျိုးရှိတယ်။ အရေးပေါ်ရှောင်နေရတဲ့သူနဲ့ စစ်ရှောင်စခန်းမှာ နေတဲ့သူရှိတယ်။ နေရာဒေသအလိုက် လိုအပ်ချက်တွေက ကွာနိုင်ပါတယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါးကတော့ အဓိကလိုအပ်ချက်အနေနဲ့ ရှိနေဆဲပါ” လို့ သူကအခုလိုပြောပါတယ်။

မိုးတွင်းရာသီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးတွေနဲ့ ငှက်ဖျားရောဂါကို အဓိကခံစားနေရပြီး ရောဂါဝေဒနာခံစားနေရတဲ့ စစ်ဘေးရှောင်တွေကို ဒေါနင်္သာရီအဖွဲ့သားတွေနဲ့ စေတနာ့ဝန်ထမ်းအချို့က ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်က စစ်ဘေးရှောင်နေရတဲ့လူတစ်ဦးက “ကျမတို့ စစ်ရှောင်နေရတာ တနှစ်ကျော်ရှိနေပြီး၊ စီးပွားရေးအလုပ်အကိုင်အကုန်လုံးပစ်ထားရတယ်။ ရွာကိုလည်းမပြန်ဖြစ်ဘူး။ ဘာလို့လည်းဆိုတော့ ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ခဏခဏထုတယ်။ ပြီးတော့ စစ်သားတွေက သူ့တို့ဝင်ချင်တဲ့ အချိန်ဝင်လာတယ်။ အလုပ်တွေလည်း မလုပ်ရတော့ ငွေရေးကြေးရေး အခက်အခဲတွေလည်း ဖြစ်လာတယ်” လို့သူကအခုလိုပြောပါတယ်။

တိုက်ပွဲတွေဖြစ်များလာတဲ့ တနင်္သာရီတိုင်းထဲမှာ ရေရှည်စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးအခြေအနေတွေအတွက် စိုးရိမ်နေကြရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ကျမတို့ ပုလောမှာတော့ ပညာရေးနဲ့ ပတ်သတ်ပြီး NUG က ဖွင့်ထားတဲ့ ကျောင်းတွေရှိတယ်။ ဒါပေမဲ့ စာရေးကိရိယာတွေတော့ မပြည့်စုံဘူးပေါ့။ ကျမတို့ ရေရှည်စစ်ရှောင်ရမယ်ဆိုရင် ကလေးတွေအတွက် အဓိကက ပညာရေးနဲ့ ကျန်းမာရေးကို စိုးရိမ်တယ်။ စစ်ရှောင်စခန်းထဲဘဲနေရတော့ စိတ်ဓာတ်ကျတာ တွေလည်း ခဏခဏကြုံရတယ်” လို့ သူကဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်တွေနဲ့ အသက်ကြီးရွယ်အိုတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေလည်းရှိနေပြီး အရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ရန်ခက်ခဲနေတယ်လို့ ဒေါနတနင်္သာရီရဲ့ တာဝန်ရှိသူကဆိုပါတယ်။

ဒေါနတနင်္သာရီ တာဝန်ရှိသူက“ ရေတိုမှာတော့စားနပ်ရိက္ခာ နဲ့ ကျန်းမာရေးကဏ္ဍတွေမှာ စိုးရိမ်ကြရပါတယ် လမ်းပန်းဆက်သွယ်ရေးအခက်အခဲက သူတို့ကိုပိုခက်ခဲစေပါတယ် အိမ်မပြန်နိုင် တော့တဲ့ ရေရှည်စစ်ဘေးရှောင်တွေကျ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်မှု တွေ၊ အသက်မွေး၀မ်းကြောင်းဆိုင်ရာစိုးရိမ်မှုတွေ စသဖြင့်ကြုံတွေ့လာရပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေရဲ့ အ‌ရေအတွက်ကိုတော့ စာရင်းမကောက်ယူနိုင်သေးဘူး” လို့ သူကအခုလို ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေက ကုန်ဈေးနှုန်းမြင့်မားလာတာကြောင့် အလှူရှင်တွေ သိသိသာသာ နည်းလာပြီး ရိက္ခာသယ်ယူဖို့လမ်းကြောင်းတွေ ခက်ခဲတာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

“အလှူရှင်တွေကတော့ အရေအတွက် သိသိသာသာလျော့သွားပါတယ်။ ကျပ်ငွေဈေးကျပြီးတဲ့အချိန်မှာ ပိုသိသာပါတယ်။ ပိုမိုခက်ခဲသွားကြတာမို့လို့ထင်ပါတယ်” လို့သူက အခုလိုရှင်းပြပါတယ်။

စစ်ဘေးရှောင်ပြည်သူအရေအတွက်က စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေအပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ၃၀,၀၀၀ ကျော်ထိရှိခဲ့ပြီး အခုလက်ရှိမှာတော့ စစ်ရှောင်ဦး‌ရေ ၅၀၀၀ ကျော်တိုးလာတယ်တယ်လို့  မြေပြင်သတင်းအရင်းအမြစ်တွေအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)