
ဇန်နဝါရီ ၃၁ရက် ၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကျေးရွာတချို့မှာ ပြည်သူ့စစ်တပ်သားသစ်ခေါ်ယူမှုတွေ ပြုလုပ် နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီ တပ်တို့ပူးပေါင်းကာ ကော့ကရိတ်နယ်ထဲက ကျေးရွာတွေဘက်ရှင်းပြီး တရွာမှာ ယောကျာ်းလေး အယောက် ၂၀ ခန့် တောင်းခံကာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ကျေးရွာလူကြီးတွေကို လိုက်လံပြော ကြားခိုင်းတယ်လို့ဆိုပါတယ်။
“ရွာ ၅ ရွာက လူပျိုတွေကိုတောင်းတယ်။ သူတို့ (စစ်ကောင်စီ)ပြောတာကတော့ မင်းတို့ကိုဘာမှမလုပ်ဘူး မင်းတို့ရပ်ရွာလုံခြုံအောင် မင်းတို့ရွာကို ကာကွယ််နိုင်ဖို့အတွက် သင်တန်းပေးတဲ့သဘောပဲ ။ ဒါပေမဲ့ ရွာထဲက ကလေးတွေကတော့ တယောက်မှ မတက်ကြဘူးဆိုတော့ သူတို့ဘာဆက်လုပ် မလဲတော့ မသိဘူး”လို့ အမည်မဖော်လိုတဲ့ ကော့ကရိတ်နယ်ခံတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်သားခေါ်ယူမှုနဲ့ ပတ်သက်ပြီး ကျေးရွာက ဒေသခံ လူလတ် ပိုင်းအမျိုးသား တချို့ဟာ သူတို့ရဲ့နေအိမ်တွေမှာ မနေရဲတော့ပဲ အခြားနီးစပ်ရာ ကျေးရွာ တွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံတိမ်းရှောင်နေရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသား ၁ ဦးက အခုလိုပြောပါတယ်။
“ကျနော်တို့ နေ့ဘက်ဆို အိမ်မှာနေတယ်။ ညဘက်တွေဆို အခြားနေရာတွေမှာရှောင်အိပ်ရတယ်။ တချို့ရွာကယောကျာ်းလေးတွေဆို ထိုင်းနိုင်ငံကိုတက်သွားကြတယ် ရွာမှာနေရတာလဲ မလုံခြုံတော့ဘူး ကိုယ့်အိမ်ရှိရဲ့သားနဲ့ ကို့အိမ်တွေမှာလဲ မနေရဘူး လိုက်ပတ်ပြီးရှောင်ပြေးနေရတယ်”လို့ သူကဆိုပါတယ်။
ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတော်တော်များများဟာ စစ်ကောင်စီတပ်သားတွေကို နှစ်စဉ်နှစ်တိုင်း ဆက်ကြေးအနေနဲ့ ငွေကြေး နဲ့ စားသောက်စရာတွေကို ပေးရသလို စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်းမှာတော့ တပ်သားသစ်ခေါ် ယူမှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။
သတင်း − နောနော
Phar Si Than (People’s Radio Myanmar)