ထားဝယ်မြို့ပေါ်ရှိ ဦးသီးရွှေတံတားကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်

မတ်လ ၉ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ ဦးသီးရွှေတံတားကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ ထားဝယ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၈ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက အဲ့ဒီတံတားကို အတားအဆီး အခိုင်အမားချကာ ပိတ်ချလိုက်တာဖြစ်တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

“ စစ်သားတွေက ကြက်စားပြင်နဲ့ ဘုမ္မောရပ်ကွက်တွေမှာ တော်တော်များများခြေရှုပ်နေကြတယ်။ သူတို့က တမင်ပိတ်ချတာ။ သစ်သားဘောင်တွေနဲ့ အခိုင်အမာကို ပိတ်ချပစ်တာ။ ဘာတွေကြောက်နေမှန်း မသိဘူး” လို့ သူကအခုလို ပြောပါတယ်။

အဆိုပါတံတားအနီး ဘုမ္မော်ရပ်ကွက်အလယ်လမ်းနဲ့ ကြက်စားပြင်ရပ်ကွက်ရှိ ကျန်းမာရေးလမ်းတွေမှာ စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်နေကြတာတွေလည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ အမှတ်(၂) ကျောင်းမှာ စာမေးပွဲရှိတယ်လို့ ကြားတယ်။ စာမေးပွဲရှိလို့ ပိတ်တယ်လို မထင်ဘူး။ လမ်းကတခြားလမ်းကသွားလည်းရနေတာဘဲ့လေ” ထားဝယ်မြို့ဒေသခံက ဆက်ပြောပါတယ်။

အဆိုပါတံတားက ဘုမ္မော်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအနီးမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တံတားအနီးကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က တံတားကို ဘာကြောင့် ပိတ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရင်းကို‌တော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

၂၀၂၁ခုနစ် စစ်ကောင်စီတပ်အာဏာသိမ်းပြီး ၃လကြာမှာ ဘုမော်ရပ်ကွက်ကတံတား ၂ခု၊ ဒေါင်းငူရပ်ကွက်ရှိ တံတားနဲ့ သံတံတားကြီး စုစုပေါင်း ၄ခုကို စစ်ကောင်စီတပ်က သံဆူးကြိုးတွေနဲ့ တားဆီးပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ဖူးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ပိတ်ခံထားရတဲ့ ဦးသီးရွှေတံတား

Phar Si Than (People’s Radio Myanmar)