စစ်ကောင်စီတပ် ဆောက်လုပ်နေတဲ့ ထားဝယ်ငါးဈေးအသစ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

အောက်တိုဘာလ ၂၄ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဆောက်လုပ်နေဆဲဖြစ်တဲ့ အောင်တံခွန် ငါးဈေးအသစ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရတယ်လို့ ထားဝယ်မြို့ပေါ်ရှိ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၂၃ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ အောင်တံခွန် ငါးဈေးအသစ်ရဲ့ ခေါင်မိုးပေါ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဈေးရုံထဲမှာ ပန်းရံ အလုပ်လုပ်နေတဲ့ အသက် ၁၄နှစ်အရွယ် ကလေးတစ်ဦးနဲ့ နောက်ထပ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဗုံးက ခေါင်းမိုးပေါ်လာကျတယ်။ ပေါက်ကွဲသံက သိပ်မကျယ်ဘူး။ ဈေးက မပြီးသေးဘူးလေ အဲ့ကလေးတွေက အလုပ်လုပ်နေတာ။ မကြာဘူး အရေးပေါ်ကား လာခေါ်သွားတယ်” လို့ သူကအခုလို ပြောပါတယ်။

ကျည်စထိမှန်ဒဏ်ရာရသူတွေက ထားဝယ်မြို့ပေါ်ရှိ ဝဲကျွန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄နှစ်အရွယ် မောင်အောင်ကောင်းမြတ်နဲ့ အသက် ၂၂နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပြီး အခုလက်ရှိမှာတော့ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဲ့ဒီဈေးက စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနစ်၊ ဧပြီလကစပြီး စစ်တပ်ခန့်ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ ခရိုနီလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဆောင်လုပ်နေတဲ့ ဈေးဖြစ်တယ်လို့ ထားဝယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ အခုက ဘယ်ကလုပ်လဲဆိုတာတော့ မသိရဘူး။ အဲ့ဈေးက ဦးမြတ်ကို၊ ခရိုနီတွေ ကြံ့ခိုင်ရေးတွေနဲ့ ပေါင်းပြီး အကောင်းအထည်ဖော်နေတာ” လို့ သူက အခုလိုပြောပြပါတယ်။

ကျမတို့ People’s Radio Myanmar အနေနဲ့ ဒေသအတွင်းလုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

အဆိုပါဈေးက ထားဝယ်မြို့ အစွန်ဆုံး ရပ်ကွက်မှာတည်ရှိပြီး ဆိုင်းခန်းခတွေဈေးကြီးတာ၊  ဈေးသည်တွေကို ဆိုင်ခန်း အတင်းအကျပ်ဝယ်ယူခိုင်းတာ၊ ကမ်းနားဈေးမှာရှိတဲ့ အရင် ငါးဈေးကနေ အတင်းအဓမ္မပြောင်းခိုင်းတာတွေကို လုပ်ဆောင်နေတာကြောင့် မြို့ခံတွေရဲ့ ဝေဖန်ပြောဆိုတာတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဈေးသည်တစ်ဦးက “ ကမ်းနားဈေက ငါးဈေးတန်းကို အဲ့ဒီဈေးနေရာကို အတင်းရွှေ့ခိုင်းတယ်။ ဆိုင်ခန်းတွေကိုလည်း ပြန်ဝယ်ခိုင်းတယ်။ ကမ်းနာဈေးတုန်းကလည်း ကုန်ကျခံထားရပြီးပြီ။ အရောင်းအဝယ် မကောင်းရတဲ့အထဲ အခုလိုလာလုပ်နေတော့ ပိုဆိုးတယ်” လို့ သူကအခုလို ပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံသီးကြဲချတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်ရှိလာပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလက်ရှိအချိန်မှာလည်း အောင်တံခွန် ငါးဈေးမှာ ဈေးရောင်းသူ၊ ဝယ်သူ မရှိဘူးလို့ သိရပါတယ်။

အောင်တံခွန်ငါးဈေး-ထားဝယ် ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ သူတို့အနေနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖိအားပေး အတင်းဝယ်ယူခိုင်းတာမျိုးကို မလုပ်ဆောင်ပါဘူးလို့ ရေးသားထားပေမယ့် လက်ရှိမှာတော့ ဈေးသည်တွေကို အတင်းဖိအားပေး လုပ်ဆောင်နတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ-CJ

Phar Si Than (People’s Radio Myanmar)