ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

========
ဝါဆို
၂၄ သြဂုတ် ၂၀၂၄
ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကကျေးရွာတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA) မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)ရှိရာကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ (၁၄)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲ တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ (၄၈)ဦးသေဆုံးခဲ့ပြီး အလောင်း (၃၁)လောင်း ကျန်ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ငယ် (၁၄)လက်၊ ၆၀ မမ ပြောင်းတို (၁)လက်နဲ့ ဒရုန်း (၂)စင်း သိမ်းဆည်းရမိခဲ့တယ်လို့ PNLAပအိုဝ်း တပ်ကထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပူးပေါင်း PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းတိုင်းရင်းသားရွာတွေဖြစ်တဲ့ မီရဲ၊ ထီရီးပွဉ်ရင်း၊ ပန်အောင်၊ လွယ်ထွယ်ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ အကြိမ်းပေါင်း (၁၂၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)နှစ်အရွယ်ကလေးသူငယ်အပါအဝင် (၄)ဦး ဒါဏ်ရာရကာ နေအိမ် (၄)လုံး ထိမှန်ပျက်ဆီးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား (၂၀၂၄)ခုနှစ် ဇန်နဝါရီလပိုင်းကတည်းက အခုချိန်ထိ တိုက်ပွဲတွေပြင်းထန်းခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဘာသာရေးဆိုင်ရာအဆောက်အအုံးတွေ ဆေးရုံ၊ ဆေးပေးခန်းတွေ စာသင်ကျောင်းတွေ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောင်ဦးပေါင်း (၆၀၀)ကျော်ပျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူဦးရေ (၁၀၀)ဝန်းကျင်သေဆုံးပြီး လူဦးရေခြောက်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သတင်းအချက်အလက်တွေကဖော်ပြထားပါတယ်။