ကျိန္တလီမြို့အနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေ

May be an image of 6 people
_
By – သဇင်ခိုင်
Date – 20 August 2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့၊ ကုလားပြင်အနီးတွင် အာရက္ခတပ်တော် – AA နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိနေသည်ဟု ဒေသ ခံသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါနှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီက လက် နက်ကြီးများအပြင် လေကြောင်း၊ ရေကြောင်းများဖြင့်
အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက ” ဒီနေ့လည်း တိုက်ပွဲပြင်းနေတယ်။ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာရော လက်နက်ကြီးနဲ့ရော ပစ်နေတာပေါ့” ဟုဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်ကစ၍ ကျိန္တလီမြို့တွင် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး AA က ကျိန္တလီမြို့အားသိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဒေသခံများကပြောဆိုနေကြသော်လည်း PRM က အ တည်မပြုနိုင်သေးသလို AA ဘက်ကလည်း တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါ။
ကျိန္တလီဒေသခံတစ်ဦးကတော့ ”မြို့မှာက လက်နက်ကြီးတွေ၊ ဘာတွေ မြို့ထဲကိုကျတာရှိတယ်။ လူကတော့ မရှိ သလောက်ဖြစ်နေပြီ။ နေ့တိုင်းပြေးနေကြရတဲ့ လူတွေလည်းရှိတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့များဖြစ်သည့် တောင်ကုတ်၊ ဂွနှင့် သံတွဲ တို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသလို မြောက်ပိုင်းရှိ မောင်တောမြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်ဟုသိရသည်။
ဓာတ်ပုံ – AFP
ပုံစာ – ပြီးခဲ့သောဖေဖော်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသော မြန်မာနယ်ခြားစောင့်ရဲများအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲများက ထိန်းသိမ်းထားစဥ်။