ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များက အလုံးစုံသိမ်း ပိုက်


_

By – မောင်လှိုင်း
Date – 18 August 2024

ဒီပဲယင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ရွှေဘိုခရိုင်တပ်ရင်း (၆၊ ၁၂) နှင့် ဒေသတွင်း‌တော်လှန် ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို တော် လှန်ရေးအင်အားစုများက ၂ ရက်ကြာထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီးနောက် အဆိုပါမြို့မရဲစခန်းကို ယနေ့ ဩဂုတ် လ ၁၈ ရက်၊ မနက်ခင်းပိုင်းအချိန်တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်း မြစ်များက PRM ကို အတည်ပြုပြောဆိုသည်။

တော်လှန်ရေးရဲဘော် ၁ ဦးက “စခန်းကရပြီ။ လက်နက်နဲ့သုံ့ပန်းတွေလည်းရတယ်။ ဝန်ထမ်း ၁၃၀ လောက်မိတယ်” ဟု အတည်ပြုပြောကြားခဲ့သော်လည်း ဝန်ထမ်း ၁၃၀ ဦး ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်သော အသေး စိတ်အချက်အလက်များကိုတော့ PRM ကဆက်လက် စုံ စမ်းနေဆဲဖြစ်သည်။

ဒီပဲယင်းမြို့ကို NUG လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း (၆၊ ၁၂)နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၁၅ ရက်၊ ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ကာ ၃ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက်ခင်းပိုင်းအချိန်၌ မြို့ပေါ်ရှိရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒီပဲယင်းမြို့၏ မြောက်ဘက် ၉ မိုင်အကွာရှိ ရေဦးမြို့ပေါ်ကစစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်း – ရေဦး ကားလမ်းကြီးနံဘေးရွာများဖြစ်ကြသော မုတ်ဆီ ၊ ငြတ္တုံ ၊ မစိုးရိမ်နှင့် ရွာမိဿ စသည့် ကျေးရွာပေါင်း ၁၂ ရွာကျော်ကို ဩဂုတ်လ ၁၃ ရက်ကစတင်၍ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံထောင်ချီဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူ ၁ ဦးက ပြောသည် ။

၎င်းက “ဒီပဲယင်းနယ်ထဲရှောင်ကြတာတင် ခန့်မှန်း ၅,၀၀၀ လောက်ရှိမယ်ဗျ ။ ဒီပဲယင်းအနီးတဝိုက် က စစ်ကြောင်းနဲ့နီးတဲ့ရွာတွေက ရှောင်ရတာပေါ့” ဟုဆိုသည်။

ဒီပဲယင်းမြို့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်- Mi-35 ၊ တံတားဦးလေတပ်စခန်းက ဂျက်ဖိုက်တာလေယာဉ်များအပြင် Y-12 ထောက်ပို့လေယာဉ်များဖြင့် ဗုံးကြဲမှုများပြုလုပ်ခဲ့ သည် ဟု ဒီပဲယင်းမြို့နယ် ညီနောင်များကဆိုသည်။

ဒီပဲယင်းမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တည်ရှိရာ မုံရွာမြို့နှင့် ၄၇ မိုင်သာကွာဝေးသည်။

ဓာတ်ပုံ – Depyin People Defense Force

ပုံစာ – NUG လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း ၁၂ ၏ တပ်ဖွဲ့ဝင်များ။