ကရင်ပြည်နယ်အတွင်းမှာ ဇူလိုင်လ နောက်ဆုံးအပတ်လောက်ကနေစပြီး မိုးအဆက် မပြတ်ရွာသွန်းနေတာကြောင့် မြို့နယ်တချို့မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ တယ်လိုဒေသခံတွေဆီကနေသိရပါတယ်။
မြဝတီမြို့မှာ ဇူလိုင်လ ၂၅ရက်နေ့ ညတွင်းချင်းမှာပဲ မိုးရေးတွေ၊တောင်ကျရေတွေကြောင့် ရေ၆ပေလောက်မြင့်တက်လာပြီး အမှတ်(၁) ၊ အမှတ် (၂) ၊အမှတ်(၅)ရပ်ကွက်၊ မြေနီကုန်းနဲ့ အာရှလမ်းမကြီးတွေမှာ ရေကြီးရေလျှံနေကာ ရေဘေးလွတ်ရာ ဓမ္မာရုံတွေမှာရွှေ့ပြောင်းနေကြရတယ်လို့ မြဝတီမြိုခံအမျိုးသားတစ်ဦးကပြောပါတယ်
“အာရှလမ်း၊မြေနီကုန်းတလျှောက် လမ်းပေါ်မှာရေမြုပ်နေတယ် ညတွင်းချင်းကတော့ ရေ ၆ပေလောက် တက်ခဲ့တယ် ရေဘေးဒုက္ခသည်တွေက ကိုးနဝင်းကျောင်း ဓမ္မာရုံ၊ရပ်ကွက်ဓမ္မာရုံတွေမှာလိုက်ပြီးနေကြတယ် ဒီနှစ်က ပုံမှန်ရေကြီးတာထပ် ၃ပေလောက်ပိုတယ် အခုလည်း ရေးဆက်တိုးနေတယ်”လို့သူကပြောပါတယ်။
ကျုံဒိုးမြို့အတွင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းတာ၊တောင်ကျရေကြောင့်ပါ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ညထဲမှာပဲ ရေ ၂ပေခန့်ဆက်လက်မြင့်တက်ခဲ့ပြီးအနိမ့်ပိုင်းဖြစ်တဲ့ ကျုံဒိုးကမ်းနားပိုင်း၊မြို့သစ်(စက်ပိုင်း) တွေမှာရေမြင့်တတ်နေတယ်လို့လဲ ဆိုပါတယ် ။
ကျုံဒိုးမြို့ပေါ်အပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ညောင်ရိပ်သာ၊သရက်တောနဲ့ ကမ်းနီကျေးရွာတွေမှာရေနစ်မြုပ်နေတာဖြစ်တယ်လို့ ကျုံဒိုးမြို့နေအများသားတစ်ဦးကဆိုပါတယ်။
“ ဒီနေ့မှာတော့ ကျုံဒိုးဘက်ကမ်းနားပိုင်းအနိမ့်ပိုင်းဘက်မှာတချို့ရွှေ့ပြောင်းနေကြပြီ ရေတွေကလည်းတစ်ညတည်းအများကြီးတက်လာတာ မိုးရေကော၊တောင်ကျရေကော မိုးလည်းတအားရွာနေတယ် ညတစ်တည်းကို ၂ပေကျော်လောက်ရှိမယ် တက်လာတာ”လို့ဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့၊ ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့တွေမှာပါ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မြစ်ရေတိုးကာရေကြီးရေလျှံတာတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာရှိတဲ့ ဒေါနတောင်ကျရေတွေက ဟောင်သရောမြစ်၊ဂျိုင်းမြစ်၊ လှိုင်းဘွဲချောင်းတွေအတွင်းကို စီးဝင်တာကြောင့် ကရင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရေကြီးရေလွှမ်းမိုးမှုကို နှစ်စဉ်ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
ပုံ-မြဝတီမြို့ရှိ ရပ်ကွက်များတွင်ရေနစ်မြုပ်နေပုံ
Phar Si Than(People’s Radio Myanmar)