ကြာအင်းဆိပ်ကြီးမြို့မှာ ရေပြန်လည်ကျဆင်းနေပေမဲ့ လမ်းပိုင်းတွေမှာ သွားလာလို့မရသေး

May be an image of tree and body of water
ဇူလိုင်လ ၃၁ ရက် ၂၀၂၄
ကရင်ပြည်နယ်ရှိ ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့မှာ ရေပြန်လည်ကျဆင်းနေပေမဲ့လည်း ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ ရေတင်ကျန်နေတာကြောင့် သွားလာမရသေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ကြာအင်းဆိပ်ကြီးမြို့မှာ ရေပြန်ကျသွားပေမဲ့ မော်လမြိုင်မြို့နဲ့ ဘုရားသုံးဆူမြို့ဘက်တွေကိုသွားတဲ့ ကားလမ်းတွေမှာလည်း ရေတင်ကျန်တာတွေရှိနေတာကြောင့်အသွားအလာမရှိသလောက်ပဲလို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ကားလမ်းတွေလည်း ရေနည်းနည်းပြန်ကျတော့ ကားကြီးတွေတော့ တစ်စီးတလေ ထွက်တာတော့တွေ့တယ်အခုက ၂ပေလောက်တော့ကျတယ်ဒါပေမဲ့ ခရီးသည်ကားတွေတော့သွားလို့မရသေးဘူး လှေနဲ့ သွားနေရသေးတယ်” လို့သူကပြောပါတယ်။
ကြားအင်းဆိပ်ကြီးမြို့မှာ မိုးရွာသွန်းတာလျှော့နည်းသွားပေမဲ့ မြစ်ရေကြောင့် ဒီနေ့မနက်ပိုင်းအချိန်ထိကို စိုးရိမ်ရေအမှတ်ထပ် ၆ လက်မသာကျဆင်းပြီး အမှတ်(၆) ရပ်ကွက်ကနေအိမ်အများစုမှာလည်း ရေဆက်လက်နစ်မြုပ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“စိုးရိမ်ရေအမှတ်ကတော့ ၃၅ ပေါ့ ဒီမနက်တော့ စိုးရိမ်ရေအမှတ်အောက်နည်းနည်းလေးပြန်ကျနေပြီ ၆လက်မလောက်ပေါ့ ရပ်ကွက်၆ အနိမ့်ပိုင်းဘက်ကတော့ အိမ်တွေတော်တော်များများက ပြန်မပေါ်ဘူးပေါ့နော် ၂ရက်ပြန်ကျတဲ့ ရေက ၁ပေကျော်လောက်ပဲဆိုတော့လေ”လို့ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာ တစ်ပတ်ကျော်ကြာ မြင့်နေပြီး ရေဘေးသင့်ပြည်သူ ၅၀၀ ဝန်းကျင်မှာလည်း မြို့လယ်ရှိ ဓမ္မာရုံမှာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီမြို့၊ကျုံဒိုးမြို့၊လှိုင်းဘွဲ့မြို့၊ဘားအံမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့မှာ မိုးရွာသွန်းတာ၊မြစ်ရေတိုးတာကြောင့် ရေကြီးရေလျှံခဲ့ပြီး ဘားအံမဲ့ ကြာအင်းဆိပ်ကြီးနဲ့ ဘားအံမြို့မှာတော့ မြစ်ရေကြောင့် ရေတင်ကျန်နေသေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကြာအင်းဆိပ်ကြီးမြို့ကရပ်ကွက်တချို့ရေနစ်မြုပ်နေပုံ
Phar Si Than(People’s Radio Myanmar)