
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ပြန်လည်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ မြို့တွင်းပြန်လည်နေထိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်း ညဘက် ၇နာရီအချိန်ဆို ကင်းလှည့် ပတ်တာမျိုးတွေပြုလုပ်လာသလို ည၈နာရီအချိန်နောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို ပစ်မိန့်ပေးထားတယ်လို့ စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“ညမထွက်ရအမိန့်ထွေအုပ်က ၅လပိုင်းကုန်ကစပြီး ထုတ်ထားတယ် အဲ့အချိန်ကစပြီး နောက်ပိုင်းတင်းကြပ်လာတယ် အခုရက်ပိုင်းပိုဆိုးတယ် အိမ်ကသားကိုတောင်ကော့ကရိတ် မပေးသွားရဲဘူး အလည်လွန်လို့ပေါ့ ပစ်ထည့်လိုက်ရင် ကိုယ်ဘက်ပဲ သေမှာဆိုပြီး ပြီးတော့ ၈နာရီလောက်လမ်းမှာ လူတွေ့ရင်ပစ်မိန့်ပေးထားတယ်မြင်တာနဲ့ ပစ်တာပဲ”လို့ဆိုပါတယ်။
ဇူလိုင်လ ၃ရက်နေ့လောက်မှာ စစ်ကောင်စီတပ်သားတွေကမြို့တွင်းပြန်လည်ဝင် ရောက်လာပြီး ရဲစခန်းနဲ့ မြို့ကဈေးတစ်ဝိုက်ရှိ အဆောက်အအုံအမြင့်တွေမှာလည်း တပ်စွဲသလိုမြို့တွင်းရှိ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်တွေမှာ တပ်စွဲနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
“လမ်းထပ်က မြို့မကျောင်းရဲ့ တောင်ဘက်စည်းရိုးတစ်လျှောက်မှာ မြောင်းရှိတယ် အဲ့မှာဝှပ်တယ် ရဲစခန်းနဲ့ မြို့မဈေးတစ်ဝိုက်မှာလည်း အမြင့်ထပ်တွေမှာရှိတယ် စစ်သားတွေက မြို့ထဲကတချို့နေရာတွေမှာ ကင်းပုန်းချပြီးနေတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ကော့ကရိတ်မြို့အဝင်အထွက်နေရာတွေမှာလည်း စစ်ကောင်စီတပ်အမြဲလိုလို စစ်ဆေးနေပြီး စစ်သာတွေပြန်လည်တပ်စွဲနေတာကြောင့် ဒေသခံအများစုမှာ ဘားအံမြို့ဘက်ကိုပြောင်းရွှေ့သွားကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး အဲ့ဒီတိုက်ပွဲအတွင်း ဒေသခံ ၂သောင်းကျော်တိမ်းရှောင်ခဲ့ရသလို နောက်ထပ် ဒေသခံ ၃၀ဦးလဲ သေဆုံးသွားပြီ နေအိမ် အလုံး၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ -ကော့ကရိတ်မြို့
Phar Si Than (People’s Radio Myanmar)