မိုင်းရယ်မြို့အတွင်းကို SSPP/SSAတပ်တွေ ဝင်ရောက်တပ်စွဲ


====================
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မိုင်းရယ်မြို့ထဲကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တွေဟာ ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်းက စတင်ကာ စစ်သည်အင်အား(၁၀၀၀)ကျော်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ မိုင်းရယ်ထဲမှာ SSPP တွေ နေရာယူထားတာ တမြို့လုံးမှာပဲ။ ခုထိ စကစနဲ့ ညှိနေတုန်းလို့ပြောကြတယ်။ စစ်တပ် ဖယ်ပေးဖို့ ညှိနေတယ်လို့ ပြောကြတယ်။ အဖြေက ဘယ်လိုဖြစ်လာမယ်ဆိုတာ မ သိရသေးဘူး။ စစ်တပ်ထဲကလူတွေ လည်း အပြင်ဘက် ထွက်လာမရသေးဘူး” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

တိုင်းရင်းသားတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအဖြစ် ရှမ်းမန်းစစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်နေ့ကတည်းက ဖော်ဆောင်နေတာပါ။

စစ်ဆင်ရေးနယ်မြေအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းက နောင်ချို၊ သီပေါ၊ မိုးမိတ်၊ ကျောက်မဲနဲ့ လားရှိုး၊ မတ္တရာ၊ မိုးကုတ်၊ စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်ရ င်းဌာနချုပ်တွေနဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

လက်ရှိ ရှမ်းမန်းစစ်ဆင်ရေးကာလရဲ့ ရက်ပေါင်း (၂၀)ဝန်းကျင်းအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်း ပေါင်း (၁၀၀)ဝန်းကျင်ကို တော်လှန်ရေးတပ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေဟာ SSPP/SSA အခုဝင်ရောက်တပ်စွဲထားတဲ့ မိုင်းရယ်မြို့နယ်အစပ်ထိပါ ကျယ်ပြန့်လာပြီး ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီစစ်ရေးပဋိပက္ခတွေကြောင့် မိုင်းရယ်မြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ ဟိုယမှာ ဖြစ်သွားတော့ အရပ်သားတွေ သေတာလည်းရှိတယ်။ မိုင်းရယ်က ဝန်ထမ်းတွေက ဒီလ ၁၀ ရက် ၁၁ ရက်နေ့ကတည်းက ရှောင်ကြတာပေါ့နော့်။ အဝေးကြတော့လည်း အဝေးမို့လို့ ရှောင်ကြ သွားကြတယ်။ အနီးတာကတော့ ကျေးသီးမှာ လာရှောင်ကြတယ်။ မြို့ခံဝန်ထမ်းတချို့ကတော့ မြို့မှာနေကြတာရှိသေးတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

မိုင်းရယ်မြို့ထဲ SSPP/SSAတပ်တွေ ဝင်ရောက်တပ်စွဲတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်း ဆုကတော့ “ဒီဒေသဟာ SSPP/SSA ရဲ့ နှစ်ပေါင်းများ စွာ စိုးမိုးလာတဲ့နယ်မြေ ဖြစ်သလို ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ ပြည်သူတွေကိုကာကွယ်ဖို့ အတွက် အခုလို ဝင်ရောက်တပ်စွဲခဲ့ခြင်း ဖြစ်တယ်” လို့ SSPP/SSA တပ်ဖွဲ့ရဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာကတဆင့် ရှင်းလင်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့တွေဟာ မိုင်းရယ်မြို့နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ တန်းယန်မြို့အတွင်းကို အင်အားအလုံး အရင်းနဲ့ ဝင်ရောက်လာကာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂) ခုလုံးဟာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နှစ်ပေါင်းများစွာအပစ်အခတ်ရပ်ဆဲထားတဲ့ တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။

မိုင်းရယ်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် (၃)ခု အခြေစိုက်ထားသလို တန့်ယန်းမြို့နယ် အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေ အခိုင်အမာအထိုင်ချတပ်စွဲထားပါတယ်။