ထားဝယ်−သရက်ချောင်းလမ်းပိုင်းမှာ ပျူစောထီးတွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

ဇူလိုင်လ ၉ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ ပျူစောထီးတွေလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်းဆီကနေ သိရပါတယ်။

ဇူလိုင်လ ၇ရက်နေ့၊ နေ့လည် ၁၂နာရီခွဲဝန်းကျင်လောက်မှာ သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ကို တက်လာတဲ့ ပျူစောထီး ၄ဦးပါ အိမ်စီးကားတစ်စီးကို သရက်ချောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ ကားက ပျူစောထီး စိုးမိုးရဲ့ ကားပါ။ သူကိုယ်တိုင်မောင်းလာတာ။ သတင်းရလို့ စောင့်ပြီး တိုက်တာပါ” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ကားမောင်းသမား နဘေးမှာထိုင်နေတဲ့ ပျူစောထီးကို ကျည်ထိမှန်ခဲ့တာကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

“  ကျနော်တို့ဘက်က ပစ်လိုက်တဲ့အချိန် ကားမှန်ကွဲသွားပြီး စိုးမိုးနဘေးက တစ်ယောက်က ခေါင်းငိုက်ကျသွားတယ်” လို့သူက ဆက်ပြောပါတယ်။

အဲ့ဒီနောက် ပျူစောထီးတွေလိုက်ပါလာတဲ့ ကားဟာ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၁၂) ခုတင် ၁၀၀ဆေးရုံကို မောင်းနှင်သွားကာ အပြင်းအထန် ဒဏ်ရာရတဲ့ ပျူစောထီးက အဆိုပါ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂ရက်နေ့ကလည်း ထားဝယ်−မြိတ်ကားလမ်းမှာ ရဲနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ အိမ်စီးကားနှစ်စီး ပစ်ခတ်ခံရတာကြောင့် ပျူစောထီးတစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း−နော်အယ်နီး
ပုံ− ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရုပ်သံ
People’s Radio Myanmar (Phar Si Than)